မီးဖိုပေါ်ကချထားတဲ့ အငွေ့တထောင်းထောင်းနဲ့ ပူပူလောလော အစားအစာတွေ ၊ လက်ဖက်ရည် ကော်ဖီပူပူတွေကို စားသောက်မိပြီး လျှာအပူလောင်တာမျိုး လူတိုင်းကြုံဖူးကြမှာပါ။ ဒီလိုပူပူလောလော အစားအသောက်တွေကို သတိလက်လွတ်စားမိပြီး လျှာအပူလောင်သွားလို့ နေရထိုင်ရခက်နေတယ်ဆိုရင်တော့ အောက်ပါနည်းလမ်းလေးတွေက အမြန်ဆုံးသက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။

(၁) ဆားရေငုံပါ

ဆားအနည်းငယ်နဲ့ ရိုးရိုးရေအေးကိုရောမွှေပြီး ငုံပေးပါ။ ၁ မိနစ်ခန့်လောက် ငုံထားပေးပြီးမှ ဆားရည်ကို ထွေးထုတ်ပါ။ ဆားရေငုံခြင်းက လျာအပူလောင်တဲ့ဝေဒနာကို အမြန်ဆုံး သက်သာစေမှာဖြစ်ပါတယ်။

(၂) နို့ရည်စိမ်ပါ

နွားနို့ဟာ နာကျင်မှုကို အလျင်အမြန်သက်သာစေနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ဒါ့ကြောင့်လျှာအပူလောင်ထားတယ်ဆိုရင် နွားနို့ထည့်ထားတဲ့ ပန်းကန်လုံးတစ်ခုထဲသို့ သင့်လျှာကိုနှစ်ပြီး ခဏလောက် စိမ်ထားပေးပါ။ အပူလောင်တဲ့ ဝေဒနာသက်သာလာသည်အထိ နွားနို့ပန်းကန်ထဲမှာ လျှာကို ထပ်ခါထပ်ခါ စိမ်ပေးနိုင်ပါတယ်။

(၃) ပျားရည်အုံပါ

သိပ္ပံနည်းကျ သက်သေပြချက်တွေအရ ပျားရည်ဟာ အပူလောင်ဒဏ်ရာတွေကို သက်သာနိုင်စွမ်းရှိပါတယ်။ ပျားရည်တစ်ဇွန်းခန့်ကိုယူပြီး အပူလောင်ထားတဲ့ သင့်ရဲ့လျှာပေါ်မှာ အုံထားပေးပါ။ အချိန်တိုအတွင်း နာကျင်မှုဝေဒနာကို သက်သာစေမှာပါ။

(၄) ရှားစောင်းလက်ပတ်လိမ်းပါ

ရှားစောင်လက်ပတ်ပင်ရဲ့အတွင်းဘက် သဘာဝဂျယ်က အပူလောင်ခြင်းကိုအထိရောက်ဆုံးသက်သာစေနိုင်ပါတယ်။ သင့်အနေနဲ့ လျှာအပူလောင်ခဲ့တယ်ဆိုရင် ရှားစောင်းလက်ပတ်အပင်ကရတဲ့ သဘာဝဂျယ်နဲ့ သင့်ရဲ့ လျှာပေါ်ကို ဖြေးညှင်းစွာပွတ်လိမ်းပေးပါ။ အပူလောင်ဝေဒနာအလျင်အမြန်ဆုံး သက်သာသွားစေမှာဖြစ်ပါတယ်။

(၅) လျှာကိုအပြင်ထုတ်ပြီး အသက်ရှုပါ

ဒီနည်းဟာ ခွေးလေးတွေအသက်ရှုတဲ့ နည်းနဲ့ဆင်တူပါတယ်။ တစ်ခါတစ်လေ ခွေးလေးတွေအသက်ရှုတဲ့အခါ လျှာကိုအပြင်ထုတ်ပြီး အသက်ရှုလေ့ရှိပါတယ်။ သင့်အနေနဲ့ လျှာအပူလောင်သွားတယ်ဆိုရင် အဆိုပါနည်းအတိုင်း လျှာကိုပါးစပ်ရဲ့အပြင်ကိုထုတ်ပြီး အသက်ကိုပါးစပ်ကနေတဆင့် ခပ်မြန်မြန်ရှုသွင်းရှုထုတ်လုပ်ပေးပါ။ အပူလောင်ခြင်းကိုသက်သာစေမှာပါ။