တစ်ခါတစ်လေ ညဘက်တွေမှာ အိပ်ချင်ပေမယ့် အိပ်မပျော်တာမျိုး ၊ အိပ်ပျော်သော်လည်း နှစ်နှစ်ခြိုက်ခြိုက်မရှိပဲ မကြာခဏနိုးနေတာမျိုး လူတိုင်းနီးပါးကြုံဖူးကြမှာပါ။ တကယ်တော့ အိပ်ရာဝင်ခါနီးအချိန်မှာလုပ်ဆောင်တဲ့ တချို့သောအရာတွေက သင့်ရဲ့အိပ်စက်မှုစက်ဝန်းကို သက်ရောက်မှုရှိစေနိုင်ပါတယ်။ ဒါကြောင့် အခုပြောပြမယ့်အရာတွေကို အိပ်ရာဝင်ခါနီးအချိန်မှာ မလုပ်မိဖို့ အကြံပြုချင်ပါတယ်။

(၁) ရေအများကြီးသောက်တာ

Source : Shutterstock

အိပ်ရာဝင်ခါနီးမှာ ရေများများသောက်တက်တဲ့ အလေ့အထက သင့်ရဲ့အိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ မအိပ်ခင်မှာ ရေသောက်ထားတဲ့အတွက် သန်းခေါင်ယံမှာ အပေါ့သွားချင်တာမျိုးဖြစ်တက်ပြီး သင့်ကိုမကြာခဏ နိုးလာစေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာဝင်ခါနီးမှာ ရေများများသောက်ခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။

(၂) နည်းပညာပစ္စည်းများ အသုံးပြုခြင်း

Source : Shutterstock

တချို့သောလူတွေဟာ အိပ်ရာထဲအထိ ဖုန်းတွေ လက်တော့ပ်တွေကဲ့သို့ နည်းပညာပစ္စည်းတွေကို ယူလာတက်ကြပါတယ်။ အဆိုပါ နည်းပညာပစ္စည်းတွေမှ ထွက်တဲ့ရောင်ခြည်တွေက သင့်ဦးနှောက်ကို နိုးကြားနေစေတာကြောင့် အိပ်ချင်ပေမယ့် အိပ်မပျော်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ အကောင်းဆုံးကတော့ နည်းပညာပစ္စည်းတွေအသုံးပြုခြင်းကို အိပ်ချိန်နဲ့ အနည်းဆုံး ၁ နာရီလောက် ခြားထားသင့်ပါတယ်။

(၃) လေ့ကျင့်ခန်းလုပ်ခြင်း

Source : Shutterstock

လေ့ကျင့်ခန်းလုပ်တာက ကျန်းမာရေးအတွက် အထူးကောင်းမွန်တယ်ဆိုတာ အားလုံးသိထားပြီး ဖြစ်ပါတယ်။ သို့သော်လည်း အချိန်လွဲမှားစွာ လေ့ကျင့်ခန်းလုပ်ဆောင်မယ်ဆိုရင်တော့ အကျိုးသက်ရောက်မှုက အဆိုးဘက်ကို ပိုသာသွားပါလိမ့်မယ်။ အိပ်ရာဝင်ချိန်နဲ့ နီးကပ်မှလေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေနိုင်သလို သင့်ရဲ့နှလုံးခုန်နှုန်းကိုလည်းမြန်စေပြီး အာရုံကြောစနစ်ကို နိုးကြားနေစေနိုင်ပါတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ညနေပိုင်းမှာလုပ်တာပိုသင့်တော်ပြီး အကယ်၍အချိန်မရသူတွေအနေနဲ့တော့ အိပ်ရာဝင်ချိန်နဲ့ အနည်းဆုံး ၃ နာရီလောက်ခွာပြီး လေ့ကျင့်ခန်းလုပ်ပေးပါ။

(၄) စိတ်ဖိစီးစရာတွေတွေးခြင်း

Source : Shutterstock

လေ့လာမှုတွေအရ လူတစ်ယောက်ဟာ တစ်နေ့ကိုပျမ်းမျှအားဖြင့် အတွေးပေါင်း ၅သောင်းကနေ ၇သောင်းကြား တွေးတောလေ့ရှိပါတယ်။ အိပ်ရာဝင်ခါနီးအထိ သင့်ရဲ့အတွေးပေါင်းများစွာကို သယ်ဆောင်လာအုန်းမယ်ဆိုရင်တော့ ကောင်းစွာအိပ်ပျော်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ဒါကြောင့် အိပ်ရာပေါ်ရောက်ပြီဆိုတာနဲ့ အတွေးတွေကို လွတ်ချထားလိုက်ပါ။ တရားထိုင်တာ စာအုပ်ဖတ်တာမျိုးတွေကလည်း စိတ်ငြိမ်စေပြီး ကောင်းကောင်းအိပ်ပျော်ဖို့ကူညီပေးနိုင်ပါတယ်။