ညတိုင်းနီးပါးအိပ်ပျော်ဖို့ ခက်ခဲနေရတာက ကျန်းမာဆိုင်ရာပြဿနာတစ်စုံတစ်ရာရှိနေလို့ဖြစ်နိုင်သလို မှားယွင်းတဲ့လူနေမှုပုံစံတွေကြောင့်လည်း အိပ်စက်ခြင်းကိုအနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ နာတာရှည်အိပ်မပျော်တဲ့ ဝေဒနာခံစားနေရသူတွေ ၊ ညဘက်မှာကောင်းစွာအိပ်ပျော်ချင်သူတွေအတွက် ပုံမှန်လုပ်နေကျနည်းလမ်းတွေနဲ့မတူတဲ့ နည်းလမ်းကောင်းတစ်ချို့ပြောပြပေးမှာဖြစ်ပါတယ်။ အနည်းငယ်ထူးဆန်းတယ်လို့ထင်ရပေမယ့် အမှန်အကယ်အိပ်ပျော်စေဖို့ ကူညီပေးမယ့် နည်းလမ်းကောင်းတွေပါ။

(၁) ဘယ်ဘက်နှာခေါင်းနဲ့အသက်ရှုပါ

Source : Shutterstock

ဒီနည်းလမ်းက တကယ်တော့ ယောဂလေ့ကျင့်ခန်းတွေထဲက တစ်ခုပါပဲ။ ဘယ်ဖက်နှာခေါင်းပေါက်နေ တစ်ဆင့် အသက်ရှူခြင်းက သွေးပေါင်ချိန်ကို လျှော့ချပေးပြီး စိတ်တည်ငြိမ်တည်စေကာ ကောင်းမွန်အိပ်ပျော်စေနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ညာဘက်နှာခေါင်းပေါက်ကို လက်မနဲ့ဖိပြီး ဘယ်ဘက်နှစ်ခေါင်းပေါက်တစ်ခုတည်းကနေပဲ ဖြေးဖြေးချင်း အသက်ရှုသွင်း ရှုထုတ်လုပ်ပေးပါ။ သိပ်မကြာခင်အချိန်အတွင်း အိပ်ပျော်သွားပါလိမ့်မယ်။

(၂) ထိုင်ခုံမှာထိုင်ပြီး အသက်ရှုပါ

Source : Shutterstock

ဒီနည်းလမ်းကလည်း အထက်ပါနည်းလမ်းကဲ့သို့ ယောဂလေ့ကျင့်ခန်းတစ်ခုပါပဲ။ သင့်အနေနဲ့ အိပ်မပျော်ဘူးဆိုရင် အိပ်ယာထဲက ထလိုက်ပါ။ ထို့နောက် ထိုင်ခုံမှာထိုင်ပြီး ပခုံးတွေကိုဖြေလျော့ထားကာ သက်တောင့်သက်သာအနေအထားနဲ့ မျက်လုံးတွေကိုမှိတ်ထားပေးပါ။ ပြီးရင်တော့ နှာခေါင်းကနေ လေကိုရှုသွင်းပြီး ” ဟင်း ” လို့အသံမြည်သွားတဲ့အထိ ပါးစပ်မှ လေကိုဖြေးဖြေးချင်း ပြန်ရှုထုတ်ပါ။ စိတ်ထဲမှာလည်း ” ငါအိပ်ပျော်ဖို့ အဆင်သင့်ဖြစ်နေပြီ ” ဆိုတာမျိုးပြောနေပေးပါ။ ထိုနည်းအတိုင်း ခန္ဓာကိုယ်ကိုငြိမ်ငြိမ်လေးထိုင်ပြီး ၆ ခါ ၇ ခါ လောက်ရှုသွင်း ရှုထုတ်လုပ်ပေးမယ်ဆိုရင် တကယ်ပဲအိပ်ချင်စိတ်ဖြစ်လာပြီး ကောင်းကောင်းအိပ်ပျော်သွားပါလိမ့်မယ်။

(၃) အထိအတွေ့ခံစားမှုအပေါ်အာရုံစိုက်ပါ

Source : Shutterstock

ကလေးငယ်လေးတွေကို ဆံပင်လေးတွေပွတ်သပ်ပေးတာမျိုး သူတို့ရဲ့ပါးလေးတွေကို နူးနူးညံ့ညံ့ပွတ်သပ်ပေးတာမျိုးလုပ်တဲ့အခါ အိပ်ငိုက်လာတာကို တွေ့ဖူးကြမယ်ထင်ပါတယ်။ ဟုတ်ပါတယ် ဒီလိုနူးညံ့သိမ်မွေ့တဲ့ ထိတွေ့မှုလေးတွေက အိပ်ချင်စိတ်ကိုနိုးဆွပေးပြီး ငိုက်မြည်းလာစေပါတယ်။ ဒါကြောင့် သင့်ရဲ့ပါးကို ကိုယ်တိုင်ပဲ နူးနူးညံ့ညံ့ ပွတ်သပ်ပေးကြည့်ပါ။ ထို့နောက်မျက်လုံးကိုမှိတ်ထားပြီး ပါးကိုလက်ကလာထိတဲ့ အထိအတွေ့ ခံစားမှုအပေါ် အာရုံစိုက်ထားကြည့်ပါ။ မိနစ်ပိုင်းအတွင် အိပ်ပျော်သွားပါလိမ့်မယ်။

(၄) မှတ်စုစာအုပ်မှာချရေးပါ

Source : Shutterstock

တချို့သောအတွေးတွေ စိတ်ဖိစီးမှုတွေက အာရုံပျံ့လွင့်စေပြီး သင့်ရဲ့အိပ်စက်ချိန်တွေကို ကောင်းကောင်းအနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာမဝင်ခင်အချိန်မှာ စိတ်ဖိစီးမှုဖြစ်စေတဲ့ ပြဿနာတွေ အကြောင်းအရာတွေကို မှတ်စုစာအုပ်တစ်အုပ်မှာချရေးလိုက်ပါ။ ဒီပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ထင်တဲ့ သင့်ခေါင်းထဲမှာချက်ချင်းပေါ်ထာတဲ့ အဖြေ သုံးလေးခုလောက်ကိုလည်း တစ်ခါတည်းချရေးထားလိုက်ပါ။ ဒါဆိုရင် သင့်ကိုစိုးရိမ်ပူပန်မှုတွေလျော့ချပေးပြီး ကောင်းကောင်းအိပ်ပျော်စေပါလိမ့်မယ်။