ဘာစီလိုနာ ဥက္ကဌ နေရာမှာ ဝင်ရောက်အရွေးခံမယ် Toni Freixa ဟာ အာဂျင်တီးနား တိုက်စစ်မူး မက်ဆီကို အသင်းမှဆက်ထိန်းထားဖို့အတွက် ငွေကြေးအခက်အခဲရှိနေကြောင်း ထုတ်ဖော်ပြောဆိုလာပါတယ်။ Toni Freixa ဟာ မက်ဆီအနေနဲ့ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းတိုးချင်ပါက ယခုရရှိနေတဲ့ လစာထက် လျှော့ယူရဖွယ်ရှိနေတယ်လို့ ပြောကြားလာတာပါ။

Source: SportsAdda
ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဘေယန်မြူးနစ်အသင်းကို (၈-၂) ဂိုးဖြင့် အရှက်တကွဲရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်းမှာ မက်ဆီဟာ အသင်းပြောင်းရွှေ့ဖို့အတွက် ဘာစီလိုနာတာဝန်ရှိသူတွေကို တောင်းဆိုခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ မက်ဆီရဲ့အပြောင်းအရွှေ့သတင်းတွေ ဆက်တိုက်လိုလို ထွက်ရှိလာခဲ့ပါတယ်။
Ballon d’Or (၆) ကြိမ်ရရှိထားတဲ့ မက်ဆီဟာ အင်တာ၊ မန်စီးတီးနဲ့ PSG အသင်းတွေနဲ့လည်း ချိတ်ဆက်မှုတွေရှိနေကြောင်း သတင်းထွက်ခဲ့ပါသေးတယ်။ ဒါပေမယ့် မြင့်မားလှတဲ့ စာချုပ်ပါလျှော်ကြေးကြောင့် မက်ဆီရဲ့ အပြောင်းအရွှေ့ဖြစ်မလာနိုင်ခဲ့ပါဘူး။ (၂၀၂၀-၂၀၂၁) ဘောလုံးရာသီမကုန်မချင်း မက်ဆီအနေနဲ့ ဘာစီလိုနာမှာပဲ ဆက်ပြီး ကစားရမှာပါ။

Source: Bein Sports
ဘာစီလိုနာအသင်းဟာ လက်ရှိမှာ အကြွေးပမာဏ ဒေါလာ (၉၂၁) သန်းတင်ရှိနေကြောင်း ကြေညာထားပါတယ်။ ဒါ့ကြောင့် အကြွေးပမာဏ လျှော့ချနိုင်ဖို့အတွက် နှစ်စဉ်ပေးချေနေရတဲ့ ကစားသမားတွေရဲ့ လစာ ပမာဏ ဒေါ်လာ (၁.၃) ဘီလီယံ ကိုလျှော့ချဖို့အတွက် စီစဉ်လာခြင်းလည်းဖြစ်ပါတယ်။
ဘာတိုမူနဲ့ အသင်းဒါရိုက်တာအဖွဲ့ဝင်တွေ အကုန်လုံးဟာ ပြီးခဲ့တဲ့လက နှုတ်ထွက်သွားခဲ့ကြပြီး အသင်းဥက္ကဌနဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေကို ကိုတော့ လာမယ့် (၂၀၂၁) ခုနှစ်အစပိုင်းမှာ ရွေးချယ်ဖို့ စီစဉ်ထားကြောင်းသိရပါတယ်။
အသင်းဥက္ကဌ နေရာမှာ ဝင်ရောက်အရွေးခံမယ့် Freixa ကတော့ အသင်းအနေနဲ့ မက်ဆီကို စာချုပ်အသစ်ချုပ်ဆိုပါက လက်ရှိလစာနှုန်းအတိုင်း ပေးချေဖို့ မဖြစ်နိုင်ကြောင်း ပြောဆိုထားပြီး ကစားသမားအနေနဲ့ အသင်းမှာ ဆက်နေချင်ပါက လစာလျှော့ယူဖို့ လိုအပ်ကြောင်း ပြောဆိုထားပါတယ်။

Source: Daily Mail
သေချာတာကတော့ မက်ဆီအနေနဲ့ လာမယ့်နှစ် ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပါက အသင်းပြောင်းနိုင်ချေရှိနေပါတယ်။ မက်ဆီရောက်ရှိနိုင်တဲ့ အသင်းတွေကတော့ မန်စီးတီးနဲ့ PSG တို့ဖြစ်ပြီး အင်တာမီလန်ကလည်း မက်ဆီကို ခေါ်ယူဖို့ အသင့်ရှိနေပါတယ်။
