အရီဇိုးနားကျန်းမာရေးသိပ္ပံဆိုင်ရာတက္ကသိုလ်မှ သုတေသနသစ်အရ ခေါင်းတစ်ခြမ်းကိုက်တဲ့ ဝေဒနာရှင်တွေအတွက် အစိမ်းရောင်အလင်းကုထုံး (Green Light Therapy) ဟာ ကောင်းကျိုးရှိနိုင်မယ်လို့ ဆိုပါတယ်။
Migraine Research Foundation ရဲ့ အချက်အလက်တွေအရ ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာ ကမ္ဘာပေါ်မှာ တတိယအဖြစ်များဆုံး နာဖျားမှုတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ လူပေါင်း ၃၉ သန်းဟာ ခေါင်းတစ်ခြမ်းကိုက်တဲ့ ဝေဒနာခံစားနေရပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် လူသန်းပေါင်း ၁ ထောင်ကျော် ခံစားနေရတာ ဖြစ်ပါတယ်။

Photo: medicalxpress
နိုင်ငံတကာခေါင်းကိုက်ဝေဒနာဆိုင်ရာအဖွဲ့အစည်း က ဒီနှစ် စက်တင်ဘာလထဲမှာ ထုတ်တဲ့ Cephalalgia ဂျာနယ်မှာ အစိမ်ရောင်အလင်းကုထုံးရဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းအပေါ် သက်ရောက်မှုကို ဖော်ထုတ်ခဲ့ပါတယ်။ လေ့လာမှုကို အရီဇိုးနားတက္ကသိုလ် ဆေးကောလိပ်နဲ့ တွဲဖက်ပြီး ပညာရှင်တစ်စုက လေ့လာခဲ့တာပါ။
၁၄ ပတ်ကြာ လေ့လာမှုမှာ သုံးပိုင်းရှိပြီး ပထမ ၁၀ ပတ်ကြာ အပိုင်းမှာ အဖြူရောင်အလင်းထုတ် ဒိုင်အုတ်တွေနဲ့ နေ့စဉ် တစ်နာရီကနေ နှစ်နာရီအထိ ထိတွေ့ခိုင်းပါတယ်။ ဒုတိယအပိုင်း ၂ ပတ်ကြာအထိ ဘာအလင်းကုထုံးမှ မပေးဘဲ တတိယအဆင့်မှာ တစ်ရက် ၂ နာရီအထိ အစိမ်းရောင် LED မီး ပေးထားပါတယ်။
လေ့လာမှုအရ အစိမ်းရောင် LED ကုထုံးဟာ ထိရောက်မှုရှိပြီး ပျမ်းမျှအားဖြင့် ၆၉.၆% လျှော့ချပေးနိုင်တာကို တွေ့ရပါတယ်။ ဒါ့အပြင် ခေါင်းကိုက်မှု ကြာချိန်ကိုလည်း လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။
“ဒီစမ်းသပ်မှုထဲမှာ အစိမ်းရောင်ကို ဆေးတစ်လက်လို ကုသခဲ့ပါတယ်။ မှန်ကန်တဲ့ပြင်းအား ၊ ကြိမ်နှုန်းနဲ့ ထိတွေ့မှုအချိန်တွေ နဲ့ နည်းလမ်းတွေ သုံးခြင်းအားဖြင့် အလင်းကို ဆေးလို သုံးသွားတာပါ။”လို့ ဒေါက်တာ အီဗရာဟင်က ပြောပါတယ်။

Photo: Freethink
လေ့လာမှုမှာ လူနာ ၂၉ ဦးပါပြီး ဒီထဲက ၇ ဦးဟာ ကာလအပိုင်းအခြားအလိုက် မကြာခဏဆိုသလို ခေါင်းတစ်ခြမ်းကိုက်သူတွေ ဖြစ်ပါတယ်။ တစ်လကို ၁၅ ကြိမ် ခေါင်းကိုက်တတ်သူတွေကို ဒီအုပ်စုထဲမှာ ထည့်ထားပါတယ်။ ကျန်တဲ့ ၂၂ ဦးကတော့ ကာလရှည်ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ ခံစားနေရပြီး တစ်လကို အနည်းဆုံး ၁၅ ကြိမ်နဲ့အထက် ခေါင်းကိုက်ဝေဒနာခံစားနေရသူတွေလို့ ဆိုပါတယ်။
