မန်ချက်စတာယူနိုက်တက်ဂန္တဝင်ကွင်းလယ်ကစားသမား ရွိုင်ကိန်းက ယခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို လီဗာပူးအသင်းက ဆက်လက်ထိန်းသိမ်းသွားနိုင်လိမ့်မယ်လို့ မျှော်မှန်းကြောင်း ပြောကြားခဲ့ပါတယ်။
တနင်္ဂနွေနေ့က အီတီဟတ်ကွင်းမှာ မန်ချက်စတာစီးတီးနဲ့ လီဗာပူးအသင်းတို့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အပြီး စကားပြောဆိုရာမှာ ရွိုင်ကိန်းက ယခုရာသီ ဆုဖလားအတွက် လီဗာပူးကို အနိုင်ယူဖို့ အချိန်အများကြီးယူရလိမ့်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Photo: sportskeeda
လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ နှစ်ပေါင်း ၃၀ ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားကို စုစုပေါင်း ရမှတ် ၉၉ မှတ်နဲ့ ဒုတိယနေရာက မန်စီးတီးကို ၁၈ မှတ်ဖြတ်ပြီး ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။
ယခုရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယားဟာလည်း ပြီးခဲ့တဲ့ရာသီထက် အများကြီးနီးကပ်နေပြီး လက်စတာစီးတီးက လက်ရှိမှာ ၈ ပွဲကစားပြီး အမှတ်ပေးဇယားကို ဦးဆောင်နေတာဖြစ်ပါတယ်။ လီဗာပူးအသင်းကတော့ တော့တင်ဟမ်ဟော့စပါးအသင်းကို ဂိုးကွာခြားချက် ကွာဟမှုနဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ဒါမေယ့် ကိန်းအတွက်ကတော့ ယခုရာသီ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရရှိဖို့ ၎င်းရဲ့ ရေပန်းအစားဆုံးအသင်းအဖြစ် လီဗာပူးအသင်းကို သတ်မှတ်ရလောက်အောင် လုံလောက်တဲ့ခြေစွမ်းကို မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။

Photo: sportskeeda
“ကျွန်တော်တို့ လီဗာပူးရဲ့အရည်အသွေးကို သိပါတယ်။ ဒါပေမယ့် လိဂ်ကို အနိုင်ရရှိခဲ့တဲ့ အသင်းတွေရဲ့ ဆာလောင်မှု၊ စိတ်ထားနဲ့ ကိုယ်အမူအရာတွေကို ကြည့်ခဲ့တယ်။ အဲဒါတွေကို ဒီလီဗာပူးအသင်းမှာ အများကြီး ကျွန်တော် မြင်တွေ့ရတယ်”
“ဒီအသင်းကို ရပ်တန့်နိုင်ဖို့ အများကြီးအချိန်ယူရဦးမယ်လို့ ကျွန်တော် တွေးမိနေတုန်းပဲ။ သူတို့ရဲ့အကောင်းဆုံးပုံစံမှာရှိနေတာမဟုတ်သေးဘူးဆိုတာ ကျွန်တော် သိပါတယ်။ သူတို့တွေက ရလဒ်တွေကို စက်နဲ့ရိုက်ထုတ်နေတယ်”
“ဒါပေမယ့် ကလော့ပ်က ရလဒ်တွေနဲ့ပတ်သက်ပြီး ဝမ်းမြောက်ကျေနပ်မှာပါ။ ချန်ပီယံရှစ်ကို ရရှိဖို့က အခက်အခဲတွေနဲ့ စိတ်ပျက်စရာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့လိုပြီး အဲဒါကို ဒီနေ့ လီဗာပူးအသင်းမှာ မြင်တွေ့ခဲ့ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
