ယနေ့လို နည်းပညာခေတ်ကြီးထဲမှာ လူကြီးလူငယ်မရွေး ကွန်ပျူတာတွေ အသုံးပြုလာနေကြပါပြီ။ ကွန်ပျူတာဟာ အလုပ်တွေ လျင်မြန်စွာ ပြီးနိုင်ဖို့ ကူညီပေးနိုင်တဲ့အပြင် ကျောင်း၊ လုပ်ငန်းခွင်တွေအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း အလွန်အကျွံအသုံးပြုမယ်ဆိုရင် ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ရှိစေပါတယ်။ ဒီနေ့ kwee page က ကွန်ပျူတာအသုံးများခြင်းရဲ့ ကျန်းမာရေးဆိုးကျိုးတွေကို ဖော်ပြပေးသွားမှာပါ။

အမြင်အာရုံပြဿနာ

Source: All About Vision

တောက်ပတဲ့အလင်းနဲ့မျက်လုံးက အကြာကြီးထိတွေ့နေရမယ်ဆိုရင် အမြင်အာရုံပြဿနာတွေ ရှိလာနိုင်ပါတယ်။ ကွန်ပျူတာကို အကြာကြီးစိုက်ကြည့်ပြီး အလုပ်လုပ်ရင် မျက်လုံးတွေ ခြောက်သွေ့စေပါတယ်။ ဒါ့ကြောင့် ကွန်ပျူတာအသုံးပြုပြီး အလုပ်လုပ်နေသူတွေအနေနဲ့ နာရီဝက်ခြား တစ်ခါဘေးပတ်ဝန်းကျင်ကို ကြည့်ပေးတာမျိုး အစိမ်းရောင်ရှိတဲ့ အရွတ်တွေကို ကြည့်ပေးတာမျိုး ထိုင်ရာမှာ ထပြီး အကြောဆန့်တာတွေ လုပ်ပေးသင့်ပါတယ်။

အရိုး၊ အဆစ်တွေ နာကျင်ကိုက်ခဲမယ်

Source: Better Health Channel

ကွန်ပျူတာကို ထိုင်ပြီး အသုံးပြုနေရတာဖြစ်တဲ့အတွက် အချိန်ကြာလာတဲ့အခါ ကျောနဲ့ လည်ပင်းမှာရှိတဲ့ အရိုး၊ အဆစ်တွေ ကိုက်ခဲနာကျင်လာမယ်။ ပုခုံးကြွက်သားတွေ ကိုက်ခဲလာမယ်။ ခေါင်းမူး၊ ခေါင်းကိုက်လာမယ်။ ထိုင်နေရတဲ့အခါ လှုပ်ရှားမှုမရှိပေမဲ့ ခန္ဓာကိုယ်က တချို့သော အစိတ်အပိုင်းတွေဟာ အချိန်အကြာကြီး ပုံမှန်အလုပ်လုပ်နေရပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သွေးလည်ပတ်မှု နှေးလာမယ်။ နာကျင်မှုတွေ ခံစားလာရမယ်။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲအန္တရာယ်တွေ ဖြစ်လာနိုင်ခြေ ပိုမြင့်လာပါတယ်။

အဝလွန်လာမယ်

Source: MuscleFood

ကွန်ပျူတာရှေ့မှာ အချိန်အကြာကြီး ထိုင်ပြီး ဂိမ်းဆော့ကြတယ်။ စာလုပ်ကြတယ်။ အထိုင်များပြီး လှုပ်ရှားမှုနည်းလာတဲ့အခါမှာ ကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ လေးလံထိုင်းမှိုင်းလာမယ်။ အာရုံစူးစိုက်မှု အားနည်းလာမယ်။ ကိုယ်အလေးချိန် တက်လာပြီး အဝလွန်လာမယ်။ နောက်ဆက်တွဲ နှလုံး၊ သွေးတိုး၊ ဆီးချိုရောဂါတွေ ဖြစ်နိုင်ခြေ မြင့်တက်လာမှာပါ။

ဘယ်လိုကာကွယ်မလဲ

Source: Ispace office interiors

ကွန်ပျူတာအသုံးပြုဖို့အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ စားပွဲ၊ ကုလားထိုင်မှာ ထိုင်ပြီး အသုံးပြုပါ။ ကွန်ပျူတာမျက်နှာပြင်ဟာ မျက်လုံးနဲ့ တစ်တန်းတည်း ဒါမှမဟုတ် မျက်လုံးအောက် နည်းနည်း ရောက်နေပါစေ။ ထိုင်ခုံမှာ ထိုင်တဲ့အခါ ခါး၊ ကျောရိုးနဲ့ လည်ပင်းအရိုးအဆစ်တွေကို ဒဏ်မဖြစ်စေဖို့ သက်တောင့်သက်သာ ဖြစ်မယ့် အနေအထားနဲ့ ထိုင်ပါ။ နာရီဝက်ခြား တစ်ခါ မတ်တပ်ရပ်ပြီး လမ်းထလျှောက်တာ၊ ကွန်ပျူတာနဲ့ အဝေးတစ်နေရာ ကြည့်တာ၊ အကြောအချဉ်လျှော့တာမျိုး လုပ်ပေးပါ။