ဘယ်သူမဆို ကိုယ့်ကိုယ်ကိုယ်တော့ ချစ်တယ်လို့ ဆိုကြပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် တကယ်ရော ဂရုစိုက်ဖြစ်လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ အကြောင်းကတော့ ကိုယ့်ကိုယ်ကိုယ် ထိခိုက်တဲ့ အလုပ်တွေ လုပ်မိကြလို့ပဲ ဖြစ်ပါတယ်။ တကယ်တမ်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တဲ့သူဟာ အခုလို နည်းလမ်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြောင်း ပြသသင့်ပါတယ်။ကဲ ဒီနေ့ပဲ ကိုယ့်ကိုယ်ကိုယ် ကြင်နာတဲ့ အနေနဲ့ ဒါလေးတွေ လုပ်ပေးသင့်ပါတယ်။

(၁) ကိုယ့်အတွက် အချိန်ပေးပါ

Photo: Freepik

ရုံးမှာ အလုပ်အတွက် တစ်နေကုန်အချိန်ပေးရပါတယ်။ အိမ်မှာ မိသားစုအတွက် အချိန်ပေးရပါတယ်။ အပြင်မှာ အသိမိတ်ဆွေတွေအတွက် အချိန်ပေးရပါတယ်။ ကိုယ့်ကိုယ်ကိုယ်အတွက် အချိန်ပေးတာကျ နည်းကြပါတယ်။ ဘဝဆိုတဲ့ ပြက္ခဒိန်မှာ အလုပ်အကိုင်တွေ ၊ လူမှုရေးတွေနဲ့ အစည်းအဝေးတွေနဲ့ပဲ ပြည့်နေလို့ မဖြစ်ပါဘူး။ ကိုယ့်အတွက် အကျိုးလည်း ရှိ/ ကြည်နူးချမ်းမြေ့ရတယ်ဆိုတာတွေ လုပ််ဖို့အတွက်လည်း အချိန်ပေးရအောင်ပါ။

(၂) ယုံကြည်ချက် ထားပါ

Photo: Freepik

ကိုယ့်ကိုယ်ကိုယ် လေးစားယုံကြည်မှုရှိမှ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တတ်တဲ့သူ ဖြစ်မှာပါ။ ကိုယ့်ကိုယ်ကိုယ် အထင်အမြင်ကောင်းနေပါစေ။ ယုံကြည်တဲ့စိတ်နဲ့ နေထိုင်ပါ။ ဘဝမှာ တကယ်ထိုက်တန်တဲ့ ဂရုစိုက်မှု ကိုယ့်ကိုယ်ကိုယ် ပြန်ပေးချင်ရင် အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ကျေနပ်နေဖို့ လိုပါတယ်။

(၃) ကျန်းမာရေး အလေးထားပါ

Photo: Freepik

ကျန်းမာရေးဆိုတာ အဖိုးတန်ဆုံး ဆုလာဘ်ကြီးလို့ ပြောကြပါတယ်။ ကျန်းမာခြင်းဟာ ချမ်းသာခြင်းတစ်မျိုးပါပဲ။ မကျန်းမာရင် ဆင်းရဲပါတယ်။ ဆင်းရဲရင် ပင်ပန်းပါတယ်။ ပင်ပန်းရင် ဘယ်လိုလုပ် ပျော်ရွှင်ချမ်းမြေ့နိုင်မှာလဲ။ ဒီတော့ ကျန်းမာရေးကို အလေးထားပါ။ မကျန်းမာအောင် လုပ်နေမိတဲ့ အကျင့်ဆိုးတွေ ဖျောက်ဖျက်ပါ။

(၄) စာဖတ်ပါ

Photo: Freepik

တစ်ခုခုကို ဗဟုသုတနဲ့ အသိအမြင် ရသကျယ်ပြန့်ဖို့ အတွက် ဖတ်တဲ့အကျင့် မွေးပါ။ စမတ်ဖုန်းအသုံးလျှော့ပြီး စာအုပ်တွေကို ပိုဖတ်ဖြစ်အောင် ကြိုးစားပါ။ စာဖတ်ခြင်းဟာ လူကို ရင့်ကျက်ပြည့်ဝစေတဲ့အပြင် ဘဝပြဿနာတွေကို အဖြေရှာရာမှာလည်း ပိုကောင်းတဲ့ အကြံဉာဏ်နဲ့ စိတ်ခွန်အားတွေ ပေးနိုင်ပါတယ်။

(၅) အလှူအတန်းလုပ်ပါ

Photo: Freepik

အလှူဒါနဆိုတာ လောကအကျိုး ဝင်ပြီး ထမ်းပိုးလိုက်တာပဲ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းမှာ အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ကိုယ်ဖြတ်သန်းနေတဲ့ ခေတ်ကြီးကို လက်‌ဆောင်ကောင်း ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ပရဟိတအလုပ်တွေ လုပ်ခြင်းဟာ စိတ်ချမ်းသာရသလို ကိုယ့်ကိုယ်ကိုယ်လည်း ပိုပြီး ယုံကြည်လေးစားမှု ပိုတက်လာစေနိုင်ပါတယ်။