နေမာဟာ ရီးရဲမက်ဒရစ်ဝါရင့်နောက်ခံကစားသမား ဆာဂျီယိုရာမို့စ်ကို ပီအက်စ်ဂျီကို လာရောက်ပူးပေါင်းဖို့ တောင်းဆိုခဲ့ပြီး လီဂူးဝမ်းချန်ပီယံဟာ ဥရောပကို လွှမ်းမိုးနိုင်တယ်လို့ ပြောကြားခဲ့ကြောင်း Teamtalk က ဖော်ပြခဲ့ပါတယ်။

Photo: teamtalk

ရာမို့စ်ဟာ ယခုလာမယ့်နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်သစ်ချုပ်ဖို့ သဘောတူညီမှုမရရှိခဲ့ဘူးဆိုရင် လာမယ့်ဇန်နဝါနီမှာ ပြည်ပအသင်းတွေနဲ့ လွတ်လပ်စွာဆွေးနွေးခွင့်ရရှိတော့မှာဖြစ်ပါတယ်။ AS ရဲ့ ဖော်ပြချက်အရ လက်ရှိအချိန်မှာ ရီးရဲမက်ဒရစ်နဲ့ ဆာဂျီယိုရာမို့စ်တို့ကြားက စာချုပ်သစ်အတွက် ပြောဆိုဆွေးနွေးမှုတွေဟာ ရပ်တန့်နေတယ်လို့ သိရပါတယ်။

အသက် ၃၄ နှစ်အရွယ်နောက်ခံကစားသမားဟာ ရီးရဲမက်ဒရစ်အသင်းကို ၂ နှစ်စာချုပ်သစ် ချုပ်ဆိုဖို့ တောင်းဆိုထားတယ်လို့ နားလည်ရပြီး ရီးရဲမက်ဒရစ်ကတော့ နောက်ထပ် ၁၂ လ သက်တမ်းတိုးခွင့်ပါဝင်တဲ့ ၁ နှစ်စာချုပ်သာ ကမ်းလှမ်းချင်နေတာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းကတော့ စပိန်လက်ရွေးစင်နောက်ခံကစားသမား လက်ရှိရရှိနေတဲ့ ပမာဏထက် ယူရို ၈ သန်းပိုမိုများပြားတဲ့ ယူရိုသန်း ၂၀ တန် ၃ နှစ်စာချုပ်ကို ကမ်းလှမ်းသွားဖို့ အဆင်သင့်ရှိနေတယ်လို့ AS က ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာကြယ်ပွင့်ဟောင်း နေမာက စပိန်နောက်ခံကစားသမား ပြင်သစ်ကို ပြောင်းရွှေ့လာချင်အောင် စည်းရုံးတဲ့အနေနဲ့ ရာမို့စ်ကို ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

Photo : Forbes

“ဆာဂျီယို၊ ခင်ဗျားသာ ပီအက်စ်နဲ့ စာချုပ်ချုပ်ရင် ကျွန်တော်လည်း နောက်တစ်နေ့မှာ စာချုပ်သစ် ချုပ်မယ်။ ကျွန်တော် ပြီးရင်တော့ ဘတ်ပီလည်း စာချုပ်သစ် ချုပ်လိမ့်မယ်။ ခင်ဗျား ပီအက်စ်ဂျီကို လာပြီး ပူးပေါင်းမယ်ဆိုရင် ကျွန်တော်တို့ အနည်းဆုံး ဥရောပဖလား ၂ လုံးလောက်တော့ အနိုင်ရပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။