ကလေးတွေ ပြုစုပျိုးထောင်ဖို့ဆိုတာ စိတ်ရှည်သည်းခံမှုက အရေးကြီးတယ်ဆိုတာ မိဘတိုင်း သိကြပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ အလုပ်ဖိအားဒဏ်၊ နေ့စဉ်ကြုံတွေ့ရတဲ့ အခက်အခဲတွေကြောင့် စိတ်မကြည်မလင် ဖြစ်တဲ့အခါမျိုးတွေ ရှိတက်ပါတယ်။ ဒီလိုအချိန်မျိုးတွေမှာ ကလေးတွေကို မပြောသင့်တဲ့ စကားတွေ ပြောဆို မိသွားတက်ပါတယ်။ မိဘတွေ စိတ်မကြည်လို့ ကလေးတွေကို ပြောလိုက်တဲ့စကားက ဘာမှမဖြစ်ဘူးလို့ ထင်ရပေမယ့် ကလေးတွေရဲ့စိတ်မှာ ဒဏ်ရာရသွားနိုင်ပါတယ်။ ဒီနေ့ မိဘတွေအတွေအနေနဲ့ ကလေးတွေကို ဘယ်တော့မှ မပြောသင့်တဲ့ စကားတွေအကြောင်း ပြောပြပေးသွားမှာပါ။

“မြန်မြန်လုပ်စမ်း”

Source: FirstCry Parenting

ကလေးအများစုက ကျောင်းသွားဖို့အတွက် ပြင်ဆင်ရတဲ့အချိန် (သို့) အချိန်တစ်ခုအတွင်းမှာ တစ်ခုခု လုပ်ရတော့မယ်ဆိုရင် အလွန်နှေးကွေးလွန်းလှပါတယ်။ ဒါပေမယ့် ကလေးတွေ ဘယ်လောက်ပဲနှေးကွေးနေပါစေ မြန်မြန်လုပ်ဖို့ ပြောတာက သူ့ကို ပိုပြီး ဖိအားပေးသလိုဖြစ်စေပါတယ်။ သူတို့ကို အော်ငေါက်တာက သူတို့ကို ပိုပြီး အပြစ်ဖြစ်စေတဲ့အပြင် မြန်မြန်လုပ်ဖို့အတွက် တွန်းအားပေးသလို မဖြစ်စေပါဘူး။ သင့်ကလေးကို မြန်မြန်ပြီးအောင် လုပ်ခိုင်းစေချင်တယ်ဆိုရင် “ဘယ်သူအရင်ပြီးမလဲ ပြိုင်ကြမယ်” ဆိုပြီးတော့ ဂိမ်းလေးတွေ ဖန်တီးပေးသင့်ပါတယ်။ တစ်ခုမှတ်ထားရမှာက ကလေးတွေနဲ့ ပြိုင်တဲ့အခါမှာ အရှုံးပေးတက်ဖို့လည်း လိုအပ်ပါသေးတယ်။

“ငါ့ကို တစ်ယောက်တည်းနေချင်တယ်”

Source: The List

တစ်ခါတစ်လေ မိဘတွေအနေနဲ့ကလည်း အနားယူဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကလေးတွေကို မောင်းထုတ်သလိုမျိုး သွားပြောလို့ မရပါဘူး။ ဒီလိုလုပ်ခြင်းက ကလေးတွေရဲ့ စိတ်ထဲမှာ သင်က သူတို့ကို အဖတ်မလုပ်ဘူးလို့ ခံစားရစေနိုင်ပါတယ်။ အကယ်၍ သင့်အနေနဲ့ အနားယူဖို့လိုအပ်တယ်ဆိုရင် ကလေးတွေကို “အရေးတကြီးလုပ်စရာလေးရှိလို့။ ဒါပြီးရင် သားနဲ့တူတူကစားပေးမယ်” စသဖြင့် ပြောပေးလိုက်ခြင်းက ပိုပြီးအဆင်ပြေစေမှာပါ။

“မငိုနဲ့”

Source: SmartParents

ကလေးက တစ်ခုခုနဲ့ပတ်သက်ပြီး ထိခိုက်မိတဲ့အခါ၊ စိတ်ပျက်မိတဲ့အခါ မငိုနဲ့လို့ ဘယ်နှစ်ကြိမ်လောက် သင့်ပြောခဲ့ဖူးလဲ။ ဒီလိုလုပ်ခြင်းက ကလေးရဲ့ ခံစားချက်ကိုဂရုမစိုက်တာ ထည့်မစဉ်းစားသလို ဖြစ်စေပါတယ်။ ဒါက ကလေးရဲ့ ခံစားချက်တွေကို မိဘတွေက အရေးမစိုက်ဘူးလို့ သူတို့ကို ခံစားစေနိုင်ပါတယ်။ စိတ်သက်သာရတဲ့အထိ ငိုလိုက်ပါလို့ ကလေးတွေကို ပြောပေးသင့်ပါတယ်။

“နင့်အသက်အရွယ်လောက်တုန်းက ငါလုပ်နိုင်တယ်”

Source: Best Life

ကလေးတွေအားလုံးက မတူညီတဲ့ အခြေအနေတွေကနေ ကြီးပြင်းလာရတာပါ။ ကလေးတွေကို သင်နဲ့ နှိုင်းယှဉ်ပြီးတော့ ပြောဆိုခြင်းက သင့်နဲ့ပတ်သက်ပြီး စိတ်ပျက်သွားစေနိုင်ပါတယ်။ သင့်ကလေးရဲ့အားထုတ်မှုကို အလေးထားတာက ကလေးတွေကို တွန်းအားပေးဖို့၊ သင်လိုချင်သလို သူတို့ဖြစ်အောင်လုပ်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒါကြောင့် ကလေးတွေ တစ်ခုခုမလုပ်နိုင်ရင် သင်နဲ့လည်း နှိုင်းယှဉ်ပြီး မပြောသင့်ပါဘူးနော်။