အေးစက်ခြောက်သွေ့တဲ့ ဆောင်းရာသီကာလဟာ အသားအရေပျက်စီးဖို့ ရာခိုင်နှုန်းအများဆုံး ရာသီတစ်ခုဖြစ်ပါတယ်။ ဆောင်းရာသီမှာ အသားအရေခြောက်သွေ့ပျက်စီးခြင်း အရေပြားအက်ကွဲခြင်းတွေကဲ့သို့ အရေပြားပြဿနာတွေက အမျိုးသမီးတွေသာမက အမျိုးသားတွေပါ ကြုံတွေ့ရလေ့ရှိပါတယ်။ ဒါ့ကြောင့် ယခုလိုဆောင်းဦးကာလမှစပြီး ဆောင်းရာသီတစ်လျောက်လုံးမှာ အသားအရေထိန်းသိမ်းခြင်းလုပ်ငန်းစဉ်တွေကို သေချာဂရုတစိုက်လုပ်ဆောင် သင့်ပါတယ်။ ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာလေးကတော့ ဆောင်းရာသီကာလအတွင်းမှာ အသားအရေ ကျန်းမာနုပျိုနေစေဖို့ စားပေးသင့်တဲ့အစားအစာတွေ ဖြစ်ပါတယ်။

(၁) မုလာဥနီ

မုန်လာဥနီဟာ သင့်ခန္ဓာကိုယ်အတွက် ကော်လာဂျင်ထုတ်လုပ်ရာမှာကူညီပေးတဲ့ ဓါတ်တိုးပစ္စည်း ဗီတာမင်စီ ကြွယ်ဝစွာတဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် မုလာဥနီမှာပါဝင်တဲ့ ဗီတာမင် အေ နဲ့ တခြားသော antioxidant တွေကလည်း အသားအရေ အရေးအကြောင်းများဖြစ်ခြင်း အိုမင်းရင့်ရော်ခြင်း လက္ခဏာတွေကိုကာကွယ်ပေးပါတယ်။

(၂) ထောပတ်သီး

ကျန်းမာရေးနဲ့ညီညွတ်တဲ့ ထောပတ်သီးတွေဟာ အသားအရေကျန်းမာရေးကိုလည်း အထူးကောင်းမွန်စေတဲ့ အသီးတစ်ခုဖြစ်ပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ ဗီတာမင်အီးက အသားအရေကို သဘာဝအတိုင်းကျန်းမာနုပျိုစေဖို့ ကူညီပေးပါတယ်။ ထောပတ်သီးကို အသီးအတိုင်းစားရုံသာမက ဖျော်ရည်အဖြစ်လည်းသောက်သုံးနိုင်သလို face mask အဖြစ်နဲ့လည်း အသုံးပြုနိုင်ပါတယ်။

(၃) သံလွင်ဆီ

သံလွင်ဆီဟာ ဗီတာမင်အီး ကြွယ်ဝတဲ့အစားအစာတစ်ခုဖြစ်ပြီး ဗီတာမင်အီးက ပျက်စီးသွားတဲ့ အသားအရေကိုပြန်လည် ပြုပြင်ပေးပါတယ်။ သံလွင်ဆီမှာ အသားအရေ ကော်လာဂျင်ထုတ်လုပ်မှုကိုမြှင့်တင်ပေးတဲ့ antioxidants များလည်း ပါရှိပါတယ်။ သံလွင်ဆီကိုဟင်းချက်ရာတွင် အသုံးပြုပေးနိုင်သလို ညအိပ်ရာမဝင်မီအချိန်မှာ မျက်နှာသစ်ပြီး သံလွင်ဆီ ခပ်ပါးပါးလိမ်းပေး နိုင်ပါတယ်။

(၄) ခရမ်းချဉ်သီး

ဗြိတိန်နိုင်ငံ နယူးကာဆယ်တက္ကသိုလ်မှ သုတေသီများရဲ့လေ့လာမှုအရ ခရမ်းချဉ်သီးဟာ အသားအရေကျန်းမာရေးအတွက် အကျိုးများစွာဖြစ်စေတယ်လို့ ဆိုပါတယ်။ ခရမ်းချဉ်သီးမှာ အိုမင်းရင့်ရော်မှုကိုဆန့်ကျင်သောဂုဏ်သတ္တိများဖြစ်တဲ့ lycopene ဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး အသားအရေကို သဘာဝအတိုင်းရေဓာတ်ဖြည့်တင်းပေးတာကြောင့် ဆောင်းတွင်းကာလမှာပင် အသားအရေ နုပျိုလန်းဆန်းနေစေမှာ ဖြစ်ပါတယ်။

(၅) ကိုက်လန်

ကိုက်လန်အပါအဝင် တခြားသောအစိမ်းရောင်ဟင်းသီးဟင်းရွက်အများစုမှာ ဗီတာမင် စီနဲ့ ဗီတာမင် ကေ ပါဝင်မှု မြင့်မားပါတယ်။ အဆိုပါ ဗီတာမင်ဓာတ်တွေက အသားအရေကို အာဟာရဓာတ်ဖြည့်တင်းပေးပြီး အသားအရေခြောက်သွေ့ခြင်း နီမြန်းရောင်ရမ်းခြင်းတွေကို ကာကွယ်ပေးကာ အသားအရေကို ကျန်းမာနုပျိုနေစေမှာပဲဖြစ်ပါတယ်။