အဝတ်အစားဗီရိုသေတ္တာတစ်ခုဟာ သင့်ရဲ့ ချပ်ဝတ်တန်ဆာထားတဲ့ အခန်းတစ်ခု ဖြစ်ပါတယ်။ အဝတ်ဗီရိုထဲမှာ သင့်အတွက် ပွဲတက်ဖို့ ၊ ရုံးသွားဖို့ ၊ အချိန်းအချက်မှာ ဝတ်ဖို့ ၊ ထသွားလာသွား ဝတ်ဖို့ လက်နက်တွေ ရှိနေရပါတယ်။ အဲ့ဒီလက်နက်တွေဟာ အမြဲတမ်းသန့်ရှင်းတောက်ပြောင်နေဖို့လည်း လိုပါတယ်။

အဝတ်အစားတွေ သပ်ရပ်သန့်ရှင်းဖို့အပြင် ရေရှည်ဝတ်လို့ရအောင်လည်း ထိန်းသိမ်းဖို့ လိုပါတယ်။ ဂေဟစနစ်ကို ထောက်ပံ့တဲ့အနေနဲ့ ကျွန်တော်တို့ မျှဝေသုံးစွဲနေတဲ့ အရင်းအမြစ်တွေကို တတ်နိုင်သမျှ ချွေတာသင့်ပါတယ်။ ဒါကြောင့်ပဲ ဒီဆောင်းပါးမှာ သင့်အဝတ်အစားတွေကို တာရှည်အဝတ်ခံအောင် ဘယ်လိုထိန်းသိမ်းရမလဲဆိုတာနဲ့ ပတ်သက်ပြီး နည်းနည်းလောက် အကြံပေးလိုက်ပါတယ်။

(၁) ဗီရိုကို စာရင်းစစ်ဝင်ပါ

Photo: Pinterest

ရုံးလုပ်ငန်းတွေမှာ စာရင်းစစ် Audit လုပ်တယ်ဆိုသလိုပါပဲ။ ကိုယ့်အဝတ်အစားဗီရိုထဲမှာလည်း ဘယ်လိုအဝတ်အစားတွေ ရှိတယ် ၊ ဘယ်လိုအဝတ်အစားမျိုး ထပ်မဝယ်သင့်ဘူး။ ဘယ်အဝတ်အစားက ဘယ်လောက်တောင် များနေပြီ ဆိုတာတွေကို စစ်ဆေးဖို့ လိုပါတယ်။ ဒီလို ပုံမှန်စစ်ဆေးကြည့်မှ မလိုအပ်ဘဲ အဝတ်အစားသစ် ဝယ်မှုကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

(၂) ဝတ်ရတာနဲ့ တန်တာပဲ ဝယ်ပါ

Photo: Shutterstock

အဝတ်အစားဝယ်မယ်ဆိုရင်လည်း ဝတ်ရတာနဲ့ တန်ရဲ့လားဆိုပြီး ကြည့်သင့်ပါတယ်။ ဥပမာ- အဝတ်အစားလေး ဒီဇိုင်းတော့ ကြိုက်ပါရဲ့။ ချည်သားက ကြာကြာခံမယ့်ပုံမပေါ်ဘူးဆိုရင် မဝယ်ပါနဲ့။ တစ်နေရာပဲ ဝတ်လို့ရတဲ့ အဝတ်အစားမျိုး ဝယ်တာလည်း ရှောင်ပါ။ နေရာမရွေး ဝတ်လို့ရမယ် ၊ ကိုယ့်အကြိုက်ကာလာနဲ့ ကိုယ့်ဆိုဒ်နဲ့လည်း စိတ်တိုင်းကျရတဲ့ အဝတ်အစားမျိုးဆိုရင် ဈေးနည်းနည်းပိုပေးရလည်း ဝယ်သင့်ပါတယ်။

(၃) မရိုးတဲ့ဖက်ရှင်စတိုင်တွေကို ဦးစားပေးပါ

Photo: iStock

ခေတ်ပေါ် အဝတ်အစား Trend နောက် သိပ်မလိုက်ပါနဲ့။ ဖိနပ်ပဲဝယ်ဝယ် ၊ အင်္ကျီပဲ ရွေးရွေး (၁) အရည်အသွေးကောင်းဖို့ (၂) ဘာနဲ့ ဝတ်ဝတ် အဆင်ပြေဖို့ နဲ့ (၃) ကြာကြာဝတ်လို့ရနိုင်ဖို့ ကို အရင်စဉ်းစားပါ။ ဘယ်ပစ္စည်းပဲ ဝယ်ဝယ် မဝယ်ခင် အရင်ဆုံး သေချာစဉ်းစားကာမှ တော်ခါကျပါလိမ့်မယ်။

(၄) Minimalist တစ်ယောက်လို တွေးပါ

Photo: thefashionisto

တကယ်တော့ လူတစ်ယောက်ဟာ စတိုင်ကျပြီး ကြည့်ကောင်းဖို့ အဝတ်အစားတွေ အများကြီး မလိုပါဘူး။ အဓိက အရေအတွက်အထက် အရည်အချင်းကို ထည့်တွက်ရမှာပါ။ အဝတ်အစားတွေ တပုံကြီး ရှိပေမယ့် ကိုယ့်အတွက် ဝတ်စရာမရှိသလို ခံစားရတယ်ဆိုရင် သင့်မှာ အရေအတွက်တွေ ဖောင်းပွနေပြီး ဝတ်လိုက်တိုင်း အဆင်ပြေတဲ့ Quality ကောင်းကောင်း အထည် မရှိသေးဘူးဆိုတဲ့ သဘောပါပဲ။

(၅) ခဏခဏ မလျှော်ပါနဲ့

Photo: Best Life

အဝတ်အစားကောင်းကောင်းကို ကြာကြာဝတ်ချင်ရင် လျှော်ဖွပ်တဲ့အကြိမ်ရေ နည်းနိုင်သမျှ နည်းပါစေ။ Jeans တွေလို ဖက်ရှင်မျိုးက ခဏခဏလည်း လျှော်စရာမလိုပါဘူး။ လျှော်လွန်းရင်လည်း ပွလာပြီး ဝတ်လို့ မကောင်းဖြစ်လာမှာပါ။