ရောဂါပိုးမွှားတွေ မကူးစက်အောင် ဟန့်တားနိုင်တဲ့ ကမ္ဘာ့ပထမဆုံး Antibacterial ဖုန်းတစ်လုံးကို ရက်ဒင်းအခြေစိုက် Bullitt ဆိုတဲ့ ကုမ္ပဏီက ထုတ်လုပ်လိုက်ပါတယ်။

Bullitt ကုမ္ပဏီထုတ် Cat S42 ဖုန်းဟာ Entry-Level ထုတ်ကုန်ဖြစ်ပေမယ့် လက်တွေ့အသုံးဝင်တဲ့ နည်းပညာတွေ ပါဝင်ပြီး အကြမ်းပတမ်းအသုံးခံနိုင်မယ်လို့ ဆိုပါတယ်။ Cat S42 ဖုန်းဟာ IP68 rating ရထားတဲ့ ဖုန်းဖြစ်လို့ ရေအနက် ၁ မီတာခွဲမှာ ၃၅ မိနစ်ကြာ ရေစိမ်ခံနိုင်သလို စစ်တပ်တွေမှာ သုံးတဲ့ အကြမ်းခံစံနှုန်း MIL-STD-810G စံနဲ့အညီ ထုတ်ထားတာ ဖြစ်ပါတယ်။

Photo: tasnimnews

အကြမ်းခံဘော်ဒီတည်ဆောက်မှုနဲ့လာပြီး ဒီဇိုင်းပိုင်းမှာ ပုံခပ်တုံးတုံး ဖြစ်နေပေမယ့် ဒီဖုန်းမှာ ဆွဲဆောင်မှုအရှိဆုံးအပိုင်းတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ Biomaster Antimicrobial နည်းပညာ ဖြစ်ပါတယ်။ ဒီနည်းပညာဟာ ဖုန်းထုတ်လုပ်မှုအတွင်း ဖုန်းထဲမှာ ငွေအိုင်ယွန်းတွေ ထည့်သွင်းထားတာကြောင့် ဘက်တီးရီးယားတွေ မပျံ့နှံအောင် တားဆီးနိုင်မယ်လို့ ဆိုပါတယ်။

တစ်နည်းအားဖြင့် ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို ချေဖျက်မှုမလုပ်နိုင်ပေမယ့် ပိုးပေါက်ပွားမှုကို ဟန့်တားနိုင်စွမ်းတော့ ရှိမှာပါ။ Bullitt ကတော့ Biomaster ရဲ့ ပိုးသတ်နည်းပညာဟာ ၁၅ မိနစ်အတွင်း ဘက်တီးရီးယားအရေအတွက်ကို ၈၀% လျှော့ချပေးနိုင်ပြီး ၂၄ နာရီအတွင်း ၉၉.၉%အထိ လျှော့ချနိုင်မယ်လို့ ကြေညာထားပါတယ်။

Photo: Science Times

Cat S42 ကို ပေါင် ၂၃၀ (မြန်မာငွေ ၄ သိန်းဝန်းကျင်) ဈေးနဲ့ ရောင်းချသွားမှာ ဖြစ်ပြီး လာမယ့်နှစ် နှစ်ဆန်းပိုင်အထိ ဝယ်လို့ရဦးမှာ မဟုတ်သေးပါဘူး။ Bullitt အနေနဲ့ Antimicrobial နည်းပညာကို နောက်နှစ်ကစပြီး တခြား Cat ဖုန်းတွေမှာလည်း ထည့်သွင်းသွားဖို့ ရှိပါတယ်။