တစ်နေ့တာရဲ့ အစဖြစ်တဲ့ မနက်ခင်းဟာ အစီအစဉ်တကျဖြစ်ဖို့ လိုပါတယ်။ မနက်ခင်းဘက်မှာ လုပ်သမျှအားလုံးဟာ တစ်နေ့လုံးအပေါ် သက်ရောက်မှု ရှိပါတယ်။ တချို့မနက်ခင်း လုပ်နေကျအကျင့်လေးတွေဆို ဘဝတစ်ခုလုံးကိုတောင် ပဲ့ကိုင်ပုံဖော်သွားနိုင်ပါတယ်။ အခုပြောမယ့် မနက်ခင်း အကျင့်နှစ်မျိုးကို ပုံမှန်လုပ်သွားမယ်ဆိုရင် တစ်ဘဝလုံးအတွက် အကျိုးများတာကို ခံစားရမှာပါ။
(၁) တရားထိုင်ခြင်း

Photo: VeryWellMind
တစ်လလောက်ဖြစ်ဖြစ် မနက်တိုင်း တရားထိုင်တဲ့အကျင့်ကို လုပ်ကြည့်လိုက်တာနဲ့ စိတ်ရဲ့ တည်ကြည်ငြိမ်းချမ်းမှုတွေကို သိသိသာသာ ခံစားလာရပါလိမ့်မယ်။ တဖြည်းဖြည်းနဲ့ သောကပိုနည်းလာပြီး ပျော်တတ်တဲ့သူဖြစ်လာပါမယ်။ လုပ်ရည်ကိုင်ရည်လည်း တက်လာတာကို ကိုယ်တိုင်ပဲ တွေ့ကြုံရပါလိမ့်မယ်။
သိပ္ပံနည်းကျလေ့လာမှုတွေအရလည်း တရားထိုင်ခြင်းဟာ သွေးဖိအားကျဆင်းစေပြီး အစာချေဖျက်မှုပိုကောင်းလာမယ်လို့ ဆိုပါတယ်။ ကိုယ်ခံအားစနစ် ပိုကောင်းလာပြီး စိတ်ဖိစီးမှုလည်း လျော့ပါးစေမယ်လို့ ထောက်ခံထားပါတယ်။ ဒါကြောင့် မနက်အိပ်ရာထ ကိုယ်လက်သန့်ရှင်းပြီးတာနဲ့ တရားထိုင်တဲ့အကျင့်လေး ဒီနေ့က စပြီး လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
(၂) စာဖတ်ခြင်း

Photo: Bupa UK
မနက်ခင်းမှာ စာဖတ်တာ ကောင်းပါတယ်။ စိတ်အေးလက်အေး ဖတ်ရတာ ဖြစ်လို့ စျာန်သွင်းပြီး စာဖတ်လို့ကောင်းပါတယ်။ စာဖတ်ခြင်းဟာ ကုန်ကျစရိတ်အနည်းဆုံး ခရီးသွားခြင်း ဖြစ်သလို အရင်းနှီးဆုံးမိတ်ဆွေတစ်ယောက်နဲ့ စကားလက်ဆုံပြောခြင်းတစ်မျိုးလည်း ဖြစ်ပါတယ်။
တတ်ထားတဲ့ ပညာကို အဆင့်မြှင့်ဖို့ စာဖတ်ရပါတယ်။ ဖန်တီးမှုအားကောင်းဖို့ စာဖတ်ရပါတယ်။ ဉာဏ်ပညာထက်သန်ပြီး အမျှော်အမြင်ကြီးတဲ့သူ ဖြစ်ဖို့ စာဖတ်ရပါတယ်။ လူနဲ့လောကအကြောင်း အလေးအနက် ဆင်ခြင်နိုင်ဖို့ စာဖတ်ရပါတယ်။ ဘာပဲဖြစ်ဖြစ် စာဖတ်နေရပါမယ်။ နာရီဝက် တစ်နာရီဖြစ်ဖြစ် မနက်ပိုင်း စာဖတ်တဲ့အကျင့်လေးရင့်သန်လာရင် လူဟာ ပိုပြီးအဖိုးတန်တဲ့လူတစ်ယောက်အဖြစ် ပုံစံပြောင်းလာပါလိမ့်မယ်။
