လူတိုင်းအတွက် ကောင်းစွာအိပ်စက်အနားယူချိန်ရှိဖို့က အရမ်းကိုအရေးကြီးတဲ့ လိုအပ်ချက်တစ်ခုပါ။ ဒီနေ့ခေတ်မှာ ညဘက်အိပ်မပျော်နိုင်တဲ့အကြောင်းအရာတွေများစွာရှိလာပြီး လူတွေရဲ့ အိပ်စက်ချိန်တွေကလည်း လျော့ နည်းလာပါတယ်။ တကယ်တော့ ရေရှည်အိပ်ရေးမဝခြင်း အိပ်ရေးပျက်ခြင်းက ဆိုးရွှားတဲ့အကျိုးသက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ ဒီနေ့တော့ အိပ်စက်ချိန်လုံလောက်မှုမရှိဘူးဆိုရင် သင့်ခန္ဓာကိုယ်မှာ အောက်ပါအချက်တွေဖြစ်လာနိုင်ပါတယ်။

(၁) အသားအရေညစ်နွမ်းလာမယ်

Source : Medical News Today

အိပ်ရေးပျက်တဲ့ရက်တွေများလာရင် သင့်ရဲ့အသားအရေဟာ တဖြည်းဖြည်း ညစ်နွမ်းပျက်စီးလာမှာဖြစ်ပါတယ်။ အိပ်ရေးမဝခြင်းနဲ့ ဝက်ခြံထွက်ခြင်းတို့ကြားမှာ ဆက်စပ်ရှိနေပြီး အိပ်ရေးပျက်တဲ့အခါ ခန္ဓာကိုယ်ဟော်မုန်းပြောင်းလဲမှုတွေကြောင့် ဝက်ခြံတွေထွက်လာတာဖြစ်နိုင်ကြောင်း လေ့လာမှုတချို့က ဖော်ပြထားပါတယ်။ ညဘက်မှာ အရေပြားဆဲလ်တွေက အသစ်တစ်ဖန်ပြန်လည်မွေးဖွား ခြင်းလုပ်ငန်းစဉ်ကို လုပ်ဆောင်တာကြောင့် ကောင်းကောင်းအိပ်စက်မခြင်းမရှိရင် အသားအရေပျက်စီးမှုတွေဖြစ်လာနိုင်တာပဲဖြစ်ပါတယ်။

(၂) အဝလွန်လာစေမယ်

Source : Dreamstime

ညအချိန်မှာ အိပ်စက်အနားယူတဲ့အခါ သင့်ခန္ဓာကိုယ်က ဆာလောင်မွတ်သိပ်မှုကိုဖြစ်ပေါ်စေတဲ့ ghrelin နဲ့ leptin ဟော်မုန်းတွေကို ကောင်းစွာထိန်းချုပ်ပေးပါတယ်။ အကယ်၍ အိပ်ရေးပျက်တဲ့ရက်တွေများလာမယ် အိပ်ချိန်မပြည့်ဝဘူးဆိုရင်တော့ ဟော်မုန်းအပြောင်းအလဲတွေဖြစ်လာပြီး အစားစားချင်စိတ်ကိုပိုပြီး တွန်းအားဖြစ်စေတာကြောင့် သင့်ကိုကိုယ်အလေးချိန်တိုးလာစေခြင်း အဝလွန်ခြင်းတွေဖြစ်လာနိုင်တာပဲဖြစ်ပါတယ်။

(၃) စိတ်တိုဒေါသထွက်လွယ်လာမယ်

Source : IDN Times

စိတ်ဆိုးခြင်း ဒေါသထွက်လွယ်ခြင်းက အိပ်စက်ချိန်အလုံအလောက်မရှိတာက အဓိကလက္ခဏာရပ်တစ်ခုဖြစ်ပါတယ်။ လူတွေကိုတစ်ရက်လျှင် ၄ နာရီခွဲခန့်သာ အိပ်စက်ချိန်ကိုကန့်သတ်ပြီး လေ့လာမှုပြုလုပ်ခဲ့ရာမှာတော့ ပိုပြီး စိတ်ဖိစီးမှုများတာ၊ ဒေါသထွက်လွယ်တာ ၊စိတ်ဓာတ်ကျတာတဲ့ ရလဒ်တွေကို တွေ့ရှိခဲ့ရပါတယ်။ ဟုတ်ပါတယ် အိပ်ရေးပျက်တာက စိတ်ပိုင်းဆိုင်ခံစားချက်တွေကို ပိုမိုပြင်းထန်စေနိုင်ပါတယ်။

(၄) ရုပ်ပိုင်းဆိုင်ရာချို့ယွင်းချက်တွေရှိလာမယ်

Source : Healthline

ညဘက်အိပ်ရေးပျက်ထားတယ်ဆိုရင် အသိသာဆုံးတစ်ခုက နောက်တစ်နေ့မနက် အိပ်ရာထချိန်မှာ လည်ချောင်းနာခြင်း၊ ပါးစပ်ခြောက်သွေ့ခြင်း ၊ ခေါင်းကိုက်ခြင်း စတဲ့နာကျင်ကိုက်ခဲမှုဝေဒနာတွေနဲ့ မလန်းမဆန်းနိုးထလာရနိုင်ပါတယ်။ အိပ်ပျော်စဉ်အသက်ရှူကျပ်ခြင်း ၊ ဟောက်ခြင်း စတဲ့ရောဂါလက္ခဏာများပါခံစားရလာပြီဆိုရင်တော့ ဆရာဝန်နှင့်တိုင်ပင်ပြီး ဆေးကုသမှုအမြန်ဆုံးခံယူသင့်ပါတယ်။