နှင်းတွေဟာ နေရာဒေသတွေပေါ်မူတည်ပြီး တွေ့မြင်ရတဲ့ရှုခင်းတွေပြောင်းလဲသွားနိုင်ပါတယ်။ နှင်းထူထပ်လွန်း လို့သွားလာနေထိုင်မှုမှာ အခက်အခဲတွေတွေ့ရနိုင်သလို နေရောင်ခြည်နဲ့တွေ့တဲ့အခါ တလက်လက်တောက်ပ အောင်လှတဲ့အခိုက်အတန့်တွေလည်း ရှိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်နှင်းတွေကတော့ ဆောင်းရာသီရောက်တိုင်း လူတွေ နှစ်သက်သဘောကျကြတဲ့ ဆောင်းရာသီသဘာဝ အလှတရားတခုဆိုရင် ငြင်းနိုင်မယ်မထင်ပါဘူး။ ဒါဆို အခု ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတွေထဲက စံချိန်တင်နှင်းအကျဆုံးမြို့ (၅) မြို့အကြောင်း ပြောပြပေးပါမယ်။
(၅) Syracuse, United States

ကမ္ဘာ့နှင်းအကျဆုံး မြို့စာရင်းရဲ့ ၅ နေရာမြောက်မှာရှိနေတာကတော့ အမေရိကန်ပြည်ထောင်စု၊ ဆိုင်ရာကူစ်မြို့ ဖြစ်ပါတယ်။ မှတ်တမ်းတွေအရ ဆိုင်ရာကူစ်မြို့မှာ ရံဖန်ရံခါပိုမိုသည်းထန်တဲ့ နှင်းကျမှုတွေရှိတတ်ပြီး တစ်ရာသီလုံးမှာနှင်းထုအမြင့် ၁၉၂ လက်မအထိ ရှိပါတယ်။ နယူးရောက်အလယ်ပိုင်းရဲ့ စီးပွားရေးနဲ့ ပညာရေးဆိုင်ရာအချက်အချာမြို့လို့သိကြတဲ့ ဒီမြို့လေးက သူ့ရဲ့ရာသီဥတုကြောင့်ပဲ နာမည်ကျော်ကြား လှပါတယ်။
(၄) Quebec City, Canada

ဆိုင်ရာကူစ်ပြီးတော့ နောက်တမြို့က ကနေဒါနိုင်ငံကကွီဘက်မြို့တော်ပဲဖြစ်ပါတယ်။ နှစ်စဉ် နှင်းထုအမြင့် ၁၂၄ လက်မထိရှိတတ်ပြီး စိုစွတ်သော ကုန်းတွင်းပိုင်းရာသီဥတုရှိတဲ့ ကွီဘက်မြို့တော်ဟာ ရာသီတစ်လျှောက်အားကစားသမားတွေ အကြိုက်ဆုံးနေရာတစ်ခုဖြစ်သလို ရေခဲပြင်စကိတ်စီးခြင်း၊ ရေခဲတောင်တက်ခြင်းနှင့် နှင်းလျှောစီးခြင်းတွေလည်း လုပ်လေ့ရှိကြပါတယ်။ ဒါ့အပြင် ကွီဘက်ဟာ ယူနက်စကို အသိအမှတ်ပြုနာမည်ကြီး ဗိသုကာလက်ရာတွေနဲ့ သမိုင်းဝင်မြို့တော်ဟောင်းလဲဖြစ်ပါတယ်။
(၃) St. John’s, Canada

ကနေဒါနိုင်ငံရဲ့ နောက်ထပ်မြို့တမြို့ဖြစ်တဲ့ စိန့်ဂျွန်မြို့က နှစ်စဉ်ပျမ်းမျှနှင်းထု ၁၃၁ လက်မထိရှိပြီး ကမ္ဘာ့ တတိယမြောက်နှင်းအကျဆုံးမြို့ဖြစ်ပါတယ်။ ဆီးနှင်းတွေအပြင် အေးခဲနေတဲ့ မိုးရွာခြင်းကိုလည်း ကြုံရလေ့ရှိပြီး မိုးရွာနေစဉ် အအေးချိန်အရမ်းများတဲ့အတွက် အေးခဲသွားတတ်ပါတယ်။ ဖေဖော်ဝါရီလကို အအေးဆုံးလ အဖြစ် သတ်မှတ်ထားသလို ပျမ်းမျှအားဖြင့် အအေးချိန် – ၁၆.၅ ဒီဂရီဖာရင်ဟိုက် – ၈.၆ ဒီဂရီစင်တီဂရိတ်ထိရှိပါတယ်။ စိန့်ဂျွန်မြို့ရဲ့ရာသီဥတုက သိပ်မဖော်ရွေ့ပုံပေါက်ပေမယ့် လာလည်တဲ့သူတိုင်းကို မြို့တော်ရဲ့ ဂီတသံတွေ၊ အနုပညာ၊ စားသောက်ဖွယ်ရာမြင်ကွင်းတွေက လာလည်ချင်အောင်ကို ဆွဲဆောင်နေပါတယ်။
(၂) Toyama, Japan
ဂျပန်နိုင်ငံမှာရှိတဲ့ တိုရာမဟာမြို့တော်ဟာ ကမ္ဘာပေါ်က ဒုတိယမြောက်နှင်းအဖုံးလွှမ်းဆုံးမြို့ဖြစ်ပါတယ်။ ဂျပန်ပင်လယ်ကမ်းရိုးတန်း ဟွန်ရှူဒေသအလယ်ပိုင်းမှာတည်ရှိပြီးတော့ စိုစွတ်သောအပူပိုင်းရာသီဥတုဖြစ်ပြီး နှစ်စဉ်နှင်းထု ၁၄၃ လက်မရှိပါတယ်။ တိုရာမာမှာ ဆီးနှင်းအားလုံးနီးပါး ဒီဇင်ဘာလနဲ့မတ်လကြားမှာကျလေ့ရှိပြီး ဂျပန်တောင်တန်းတွေနဲ့ ထိစပ်နေတဲ့အတွက် နှင်းလျှောစီးချင်သူတွေအတွက် အဆင်ပြေပါတယ်။ ဒါ့အပြင် မြို့တော်ထဲမှာလည်း လေ့လာစရာအနုပညာပြခန်းတွေ၊ ပြတိုက်တွေနဲ့ သမိုင်းဝင်အထင်ကရနေရာများစွာ တည်ရှိပါတယ်။
(၁) Aomori City, Japan

ကမ္ဘာ့နှင်းအကျဆုံးမြို့တော်တွေရဲ့ ထိပ်ဆုံးမှာ ရှိနေတာကတော့ ဂျပန်နိုင်ငံရဲ့အောမိုရီမြို့တော်ပဲဖြစ်ပါတယ်။ အောမိုရီမြို့တော်က ဂျပန်ဟွန်ရှုကျွန်းမြောက်ဘက်စီရင်စုမြို့တော်ဖြစ်ပြီး ပျမ်းမျှအားဖြင့် နှစ်စဉ်နှင်းထု ၃၂၂ လက်မခန့်အထိကျတတ်ပြီး များသောအားဖြင့် နိုဝင်ဘာလမှ ဧပြီလကြားမှာ အများဆုံးကျတတ်ပါတယ်။ အောမိုရီမြို့တော်ရဲ့နှင်းထူထပ်မှုက တောင်တန်းတွေနဲ့ပင်လယ်အော်ကမ်းခြေများ အကြားမှာရှိတဲ့ပထဝီအနေ အထားကြောင့်ဖြစ်ပါတယ်။ နွေရာသီမှာတော့ အောမိုရီမြို့တော်ရဲ့စည်ကားလှတဲ့နွေရာသီပွဲတော်ဖြစ်တဲ့ နာမည်ကျော် Nebuta ပွဲတော်ကိုကျင်းပကြပြီး လမ်းတိုင်းမှာရောင်စုံမီးအိမ်တွေနဲ့ ထွန်းလင်းတောက်ပနေတတ်တဲ့ ချစ်စဖွယ်မြို့လေးဖြစ်ပါတယ်။

