မန်ချက်စတာယူနိုက်တက်အသင်းဟာ စီးရီးအေမှာ မပျော်မရွှင်ဖြစ်နေပြီး ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့ချင်နေတဲ့ အင်တာမီလန်ကြယ်ပွင့် အဲရစ်ဆင်ကို ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဒိန်းမတ်လက်ရွေးစင်ကွင်းလယ်ကစားသမား အဲရစ်ဆင်ဟာ တော့တင်ဟမ်ဟော့စပါးအသင်းကနေ အင်တာမီလန်အသင်းကို ပြောင်းရွှေ့ပြီးကတည်းက အသင်းရဲ့ကစားကွက်နဲ့ အသားကျဖို့ ရုန်းကန်နေရသူဖြစ်ပါတယ်။ အဲရစ်ဆင်ဟာ အင်တာမီလန်အသင်းအတွက် စုစုပေါင်း ၃၃ ပွဲပါဝင်ကစားပေးခဲ့ပေမယ့် ၁၅ ပွဲသာ ပွဲထွက်ပါဝင်ကစားခွင့်ရခဲ့တာဖြစ်ပြီး သွင်းဂိုး ၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်သာ ပြုလုပ်ထားနိုင်သေးတာဖြစ်ပါတယ်။

Photo: givemesport
အင်တာမီလန်နည်းပြကွန်တီက စပါးကြယ်ပွင့်ဟောင်းရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး အထင်ကြီးခြင်းမရှိဘူးလို့ ယုံကြည်ရပြီး အသက် ၂၈ နှစ်အရွယ်ကစားသမားဟာ ဆန်စီရိုကို ရောက်ပြီးကတည်းက ချက်ချင်းမြန်မြန် ပြန်ပြောင်းနိုင်ဖို့ ကြိုးပမ်းနေခဲ့တဲ့သူဖြစ်ပါတယ်။
Corriere dello Sport က ဒိန်းမတ်ကွင်းလယ်ကစားသမားဟာ ဆန်စီရိုကို စွန့်ခွာချင်နေပြီး ၎င်းအတွက် အဆင်ပြေဆုံးဖြစ်တဲ့ ပရီးမီးယားလိဂ်ကိုပဲ ပြန်သွားချင်နေတယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။
အဲရစ်ဆင်ကို စိတ်ဝင်စားကြောင်း တရားဝင်ပြသထားတဲ့အသင်းက မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့ရှိနေတယ်လို့ သိရပြီး အဲရစ်ဆင်နဲ့ စပါးတို့ရဲ့ ဆက်ဆံရေးကြောင့် မန်ချက်စတာယူနိုက်တက်အသင်းကိုပဲ ပိုမိုပြောင်းရွှေ့ဖို့ အလားအလာရှိနေတာဖြစ်ပါတယ်။

Photo: BeSoccer
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဈေးသက်သာတဲ့အပြောင်းအရွှေ့ ပြုလုပ်ချင်နေတာဖြစ်ပြီး အဲရစ်ဆင်ဟာ ကွင်းလယ်ကို ထိန်းကျောင်းနိုင်သူ ဖြစ်လာလိမ့်မယ်လို့ ပြောဆိုမှုတွေ ရှိနေတာဖြစ်ပါတယ်။
အဲရစ်ဆင်ဟာ ၂၀၂၄ နှစ်အထိ အင်တာမီလန်အသင်းနဲ့ ရှည်လျားတဲ့စာချုပ်သက်တမ်းကျန်ရှိနေသေးပြီး Transfermarkt က ပြောင်းရွှေ့ကြေးပေါင် ၄၅ သန်း သတ်မှတ်ထားပေမယ့် ၂ ဖက်စလုံးက အပြောင်းအရွှေ့ဖြစ်မြောက်ချင်မယ်ဆိုရင် သိသိသာသာဈေးနှုန်းလျော့ကျသွားနိုင်တယ်လို့ သိရပါတယ်။
