ကောင်းမွန်တဲ့အစာခြေစနစ်ရှိဖို့ အစားအသောက်ထိန်းသိမ်းခြင်း ၊ အားကစားလုပ်ခြင်း ၊ ကောင်းမွန်တဲ့ အိပ်စက်မှုစက်ဝန်းရှိခြင်း တခြားသောကျန်းမာရေးအခြေအနေတွေပေါ်မှာအများကြီး မူတည်နေပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်ကိုရရှိဖို့အတွက် တချို့သောအစားအစာတွေကလည်း အထောက်အပံ့ပေးပါတယ်။ ဒီနေ့တော့ အစာခြေစနစ်ကိုကောင်းမွန်စေတဲ့ မနက်ခင်းစားစရာများအကြောင်းပြောပြပေးချင်ပါတယ်။

(၁) သင်္ဘောသီး

တစ်နေ့တာအတွက် မနက်စာကအရမ်းကို အရေးကြီးပြီး သင်္ဘောသီးဟာ အစာခြေစနစ်နဲ့ အူလမ်း ကြောင်းကျန်းမာရေးအတွက် ကောင်းမွန်တဲ့အစားအစာတစ်ခုဖြစ်တာကြောင့် မနက်စာအနေနဲ့ စားသုံးပေးသင့်ပါတယ်။ သင်္ဘောသီးမှာပါဝင်တဲ့ Papain လို့ခေါ်တဲ့ အစာခြေအင်ဇိုင်းတွေက အစာခြေစနစ်ရဲ့လုပ်ဆောင်ချက်တွေက ပိုမိုကောင်းမွန်ဖို့ ကူညီပေးပါတယ်။

(၂) ပန်းသီး

ပန်းသီးမှာ ဗီတာမင် A ၊ ဗီတာမင် C ဓာတ်များစွာပါဝင်ပြီး သတ္တုဓာတ်နှင့် ပိုတက်ဆီယမ်ဓာတ်များလည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ပန်းသီးဟာ ဝမ်းချုပ်ခြင်းပြဿနာကို ကူညီဖြေရှင်းပေးပြီး အမျှင်ဓာတ်ကြွယ်ဝတာကြောင့် ကျန်းမာသောအစာခြေစနစ်ကိုလည်းထိန်းသိမ်းပေးပါတယ်။

(၃) သခွားသီး

သခွားသီးမှာ Erepsin လို့ခေါ်တဲ့ အင်ဇိုင်းတစ်ခုပါရှိပြီး ၎င်းက အစာခြေစနစ်ကိုကောင်းမွန်ဖို့ကူညီပေးပါတယ်။ သခွားသီးရဲ့ အံ့ဖွယ်အကျိုးကျေးဇူးများကတော့ အစာအိမ်အချဉ်ပေါက်ခြင်း ၊ အူချဉ်နာ နှင့် အစာကြေခြင်းနှင့်ဆိုင်တဲ့ ဝေဒနာတွေကို သက်သာရာရစေပါတယ်။

(၄) ငှက်ပျောသီး

ငှက်ပျောသီးအကျိုးကျေးဇူးကတော့ အစာခြေခြင်းသက်ဆိုင်တဲ့ အူသိမ်လှုပ်ရှားမှုအတွက်လည်းအရေးပါတဲ့ အမျှင်ဓာတ်ပါဝင်မှုမြင့်မားပါတယ်။ ငှက်ပျောသီးက အစာလည်းခံပြီး တစ်နေ့တာအတွက် ရောင့်ရမ်းကျေနပ်မှုကိုပေးစွမ်းပါတယ်။