လေ့လာမှုတွေအရ ဆောင်းရာသီမှာလူတွေဟာ တခြားရာသီတွေထက် အစားပိုစားလေ့ရှိပြီး ဆာလောင်မှုကိုဖြစ်စေတဲ့ အကြောင်းအချက်များစွာရှိပါတယ်။ သိတဲ့အတိုင်း ဆောင်းရာသီဆိုတာလည်း ပူပူနွေးနွေးအစားအစာတွေ စားလို့ကောင်းတဲ့ ရာသီပါ။ လူအများစုအနေနဲ့ ဆောင်းရာသီမှာ အစားပိုစားဖြစ်တဲ့အတွက် ကိုယ်အလေးချိန်တက်လာတာကို ကြုံကြရလေ့ရှိပါတယ်။ ဒါဆို ဘယ်လိုအချက်တွေကြောင့် ပိုစားဖြစ်တာလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။
(၁) အေးတဲ့ရာသီဥတုက ရှင်သန်မှုအတွက်အစားစားချင်စိတ်ကို လှုံ့ဆော်ပေးလို့

Source : The Daily Meal
ရာသီဥတုအေးတဲ့အခါ ခန္ဓာကိုယ်တွင်းမှာ လောင်ကျွမ်းဖို့ကယ်လိုရီတွေရသလောက် သိုလှောင်ဖို့လိုအပ်တဲ့ အတွက် ပုံမှန်ထက်အစားပိုစားဖို့ လိုအပ်လာပါတယ်။ ဒါက ဇီဝလှုံ့ဆော်မှုဖြစ်ပြီး အစောပိုင်းကာလတွေမှာဆိုရင် လူတွေအသက်ရှင်နေထိုင်ဖို့ အတွက်လှုံ့ဆော်မှုတခုဖြစ်ပါတယ်။ တောရိုင်းတိရိစ္ဆာန်တွေမှာဆိုရင်လည်း ဆောင်းတွင်းမှာ အစာများများပိုစားတာက ဆောင်းခိုဖို့အတွက် ကြိုတင်ပြီး ခန္ဓာကိုယ်တွင်းလိုအပ်တဲ့အဆီကို စုဆောင်းတဲ့သဘောပါ။ ဒါမှသာ အေးခဲလှတဲ့ရာသီဥတုကိုအံတုရင်း ရှင်သန်နိုင်မှာဖြစ်ပါတယ်။
(၂) အစားစားခြင်းက နွေးထွေးစေလို့

Source : Theraflu
နောက်ထပ်တစ်ချက်ကတော့ ကယ်လိုရီလောင်ကျွမ်းစေခြင်းက ခန္ဓာကိုယ်နွေးထွေးအောင် ကူညီပေးပါတယ်။ အေးတဲ့ရာသီဥတုတွေမှာ သင့်ခန္ဓာကိုယ်အပူချိန်ကျဆင်းတဲ့အတွက် အနွေးဓာတ်ရအောင်အစားစားဖို့ သင့်ခန္ဓာကိုယ်ကလှုံ့ဆော်မှုပေးပါတယ်။ တကယ်လို့ သင်က ဒီလှုံ့ဆော်မှုကို တုံ့ပြန်တဲ့အနေနဲ့ သကြားဓာတ်ပါဝင်မှုမြင့်မားတဲ့အစားအသောက်တွေ၊ အဆီဓါတ်မြင့်မားတဲ့ အစားအစာတွေ စားမိတဲ့အခါ ကယ်လိုရီတွေပိုလျှံတဲ့အတွက် ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။
(၃) စိတ်ခံစားမှုကောင်းစေလို့

Source : PhotoDune
ဆောင်းရာသီမှာ နေ့တာတိုသလို အပြင်သိပ်မထွက်ဖြစ်တဲ့အတွက် နေရောင်ခြည်ထိတွေ့မှုနည်းတာက ခန္ဓာကိုယ်အတွက်အရေးကြီးတဲ့ ဗီတာမင် D ဓာတ်ကိုရဖို့လိုအပ်တတ်ပါတယ်။ အနောက်နိုင်ငံတွေမှာ ဆောင်းရာသီတွေဆိုရင် နေရောင်ထိတွေ့မှုမရှိသလောက်နည်းတဲ့ ပြဿနာကိုရင်ဆိုင်ရပါတယ်။ နေရောင်ထိတွေ့မှုနည်းတာက စိတ်ခံစားမှုတွေနဲ့ဆက်စပ်နေတဲ့အတွက် ထိုင်းမှိုင်းတာမျိုးဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် အေးတဲ့ရာသီမှာ အစားစားခြင်းက စိတ်ခံစားမှုမကောင်းတာမျိုးကိုသက်သာစေတဲ့အတွက် ပိုစားမိတာမျိုးဖြစ်တတ်ပါတယ်။
(၄) ကိုယ်လက်လှုပ်ရှားမှုနည်းလို့

Source : Medium
နောက်ဆုံးတစ်ချက်က ရာသီဥတုအေးတဲ့အချိန်တွေမှာ အိမ်ထဲမှာပဲနေပြီးကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ် ပေးဖို့နဲ့ အိမ်မှုကိစ္စလုပ်တာမျိုးလုပ်မယ်ဆိုရင် ပိုကောင်းတယ်လို့ဆိုပါတယ်။ ဆောင်းရာသီမှာ ကိုယ်အပူချိန်ကျဆင်းတတ်တဲ့အတွက် သွေးလေးပြီး တီဗွီရှေ့ပဲထိုင်မိနေတာ၊ အိပ်ရာထဲမှာပဲ ဖုန်းသုံးရင်းခွေနေတာမျိုးတွေက ကိုယ်လက်လှုပ်ရှားမှုနည်းပါးတဲ့အတွက် ကိုယ်အလေးချိန်တက်ဖို့အကြောင်းအရင်းတွေ ဖြစ်နိုင်ပါတယ်။ အိမ်ထဲမှာပဲဖြစ်ဖြစ် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်တဲ့အခါ တခါတရံအစားပိုစားမိရင်တောင် အဆင်ပြေစေပါတယ်။
