ကျောင်းသားဘဝဆိုတာ စာမေးပွဲအောင်ဖို့နဲ့ ကျောင်းစည်းကမ်းလိုက်နာဖို့ကလွဲရင် သိပ်ပြီး ဝန်နဲ့ ဝတ္တရားများများ မရှိပါဘူး။ ဒါပေမဲ့ တကယ့်အပြင်လောကမှာ အောင်မြင်ထူးချွန်တဲ့လူတစ်ယောက်ဖြစ်ဖို့ဆိုရင် ကျောင်းမှာကတည်းက ကိုယ်ဖြစ်ချင်တဲ့လူတစ်ယောက်ရဲ့ ပုံစံကို ပုံသွင်းထားရမှာပါ။
ကျောင်းမှာ စာတော်ရုံနဲ့ အပြင်လောကမှာ အဆင်မပြေနိုင်ဘူးဆိုတာ အရင်နားလည်ထားဖို့ လိုပါတယ်။ ကျောင်းပြင်ပ လောကမှာပါ ထူးချွန်ထက်မြက်တဲ့သူ ဖြစ်ဖို့အတွက်တော့ ကျောင်းမှာကတည်းက စောင့်စည်းလိုက်နာရမယ့် အချက်တချို့ ရှိပါတယ်။
(၁) Self-Control အကျင့်မွေးထားပါ
![]()
Photo: Freepik
ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းရှိခြင်းကို ကျောင်းသားဘဝမှာကတည်းက လေ့ကျင့်ထားဖို့ တိုက်တွန်းချင်ပါတယ်။ ကိုယ့်ကို ပျက်စီးချင်အောင် သွေးဆောင်နေတဲ့အရာတွေနောက် မလိုက်ဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားသင့်ပါတယ်။ ကျောင်းသားဘဝကတည်းက ကိုယ့်ကိုယ်ကိုယ် စည်းကမ်းထားနေထိုင်တဲ့သူဟာ အပြင်လောကမှာပါ စည်းကမ်းကောင်းကောင်းနဲ့ အောင်မြင်အောင် ပဲ့ကိုင်နိုင်မှာပါ။
(၂) ကိုယ့်အတွေးအခေါ်ကို မြှင့်တင်ပါ

Photo: Freepik
ကိုယ့်ရဲ့ တွေးခေါ်မှုဖြစ်စဉ်နဲ့ ပုံစံကို မြင့်မြင့်ထားပါ။ အတွေးတွေဟာ လူတွေကို ကွဲပြားစေတယ်ဆိုတဲ့ စကားရှိပါတယ်။ ကိုယ်တွေးတဲ့ အတွေးဟာ ကိုယ်လိုချင်တဲ့ ရလဒ်ကို ရနိုင်မယ့် ပန်းတိုင်ရှိတဲ့ အတွေးအမြင်ဖြစ်ဖို့ လိုပါတယ်။ ဦးနှောက်ကို လေ့ကျင့်ပါ။ ဆန်းသစ်တီထွင်မှုရှိပြီး ကွဲပြားထူးခြားတဲ့အတွေးတွေ ရဲရဲကြီး တွေးဖို့ မကြောက်ပါနဲ့။
(၃) ငွေကြေးစည်းကမ်းကောင်းပါစေ

Photo: Freepik
ကျောင်းသားဘဝမှာကတည်းက ငွေသုံးစွဲမှုကို စည်းနဲ့ကမ်းနဲ့ သုံးတတ်တဲ့ အကျင့်လုပ်ထားပါ။ အပြင်ရောက်ရင် ကိုယ်တိုင် ငွေရှာ/ငွေသုံးရတော့မှာ ဖြစ်လို့ ငွေကို စည်းနဲ့ကမ်းနဲ့ နည်းနဲ့လမ်းနဲ့ စီမံခန့်ခွဲတတ်မှ ဖြစ်မှာပါ။ ငွေရှာတာ ခက်သလို ငွေသုံးတာလည်း စည်းကမ်းရှိဖို့ မလွယ်ပါဘူး။ ဒါကြောင့် အခုကတည်းက ငွေနဲ့ပတ်သက်လို့ စည်းကမ်းကောင်းဖို့ မဖြစ်မနေ အရေးကြီးပါတယ်။
(၄) လေ့လာပါ။ အမြဲလေ့လာနေပါ။

Photo: Freepik
ကျောင်းစာသင်ခန်းကြီးထဲက နှုတ်ဆက်သွားချိန်မှာ ပိုကြီးတဲ့ ဘဝသင်တန်းကြီးထဲ ဝင်ရောက်သွားရမယ်ဆိုတာ ကြိုသိထားဖို့ လိုပါတယ်။ လေ့လာမှုဟာ တိုးတက်မှုရဲ့ အသက်ပါပဲ။ ထက်မြက်တိုးတက်ဖို့ စဉ်ဆက်မပြတ် လေ့လာနေတဲ့ အကျင့်လုပ်ထားပါ။ ဘယ်နေရာရောက်ရောက် တိုးတက်သွားဖို့ အနှစ်ကျကျ လေ့လာသင့်ပါတယ်။
(၅) ပေါင်းသင်းဆက်ဆံမှုစွမ်းရည်ကို အထင်မသေးပါနဲ့

Photo: Freepik
အောင်မြင်ချင်ရင် လူတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိရပါမယ်။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရင်းနဲ့သာ ပိုကောင်းတဲ့ ဘဝတွေကို တည်ဆောက်နိုင်တာပါ။ လူတွေနဲ့ ကင်းကွာနေထိုင်နေသူဟာ ကိုယ်စွမ်းသမျှ ပင်ကိုယ်စွမ်းရည်ကို ချပြဖို့ အခွင့်အလမ်းနည်းသွားပါလိမ့်မယ်။ ထူးချွန်ထက်မြက်ချင်ရင် သင်ယူလေ့ကျင့်မှုတွေ ဆက်တိုက်လုပ်နေရပါမယ်။ ကိုယ့်ရဲ့ ပါရမီကို တကယ်အကောင်အထည်ဖော်နိုင်ဖို့အတွက် ကိုယ့်ရဲ့ အသိုင်းအဝိုင်းကွန်ရက်နဲ့ ဆက်သွယ်မှုလုပ်ဖို့ လိုပါတယ်။
