အားလုံး သိကြတဲ့အတိုင်း အခုချိန်မှာ ကိုယ်ခံအားစနစ်ကို မြှင့်ထားဖို့ အရေးကြီးတဲ့အချိန်ပါ။ ကိုရိုနာဗိုင်းရပ်စ်ကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကျန်းမာရေးညွှန်ကြားချက်တွေနဲ့အညီ Masks တပ်တာ ၊ လက်ဆေးတာနဲ့ လူအချင်းချင်း ၆ ပေခြား ခွာပြီး နေတာတွေလည်း လုပ်ရသလို ကိုယ်ခံအားစနစ်ကောင်းမွန်အောင် အစားအသောက်လည်း ဆင်ခြင်ရပါတယ်။ ကိုယ်ခံအားကောင်းစေဖို့ စိတ်ဖိစီးမှုနည်းအောင် နေထိုင်ခြင်း ၊ ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးခြင်းအပြင် ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်ပေးရမှာပါ။ ဒီတစ်ခေါက်မှာ လူရဲ့ Immunity ကို ပိုကောင်းအောင် စားပေးဖို့ လိုအပ်တဲ့အစားအသောက်တွေအကြောင်း ပြောပြပေးချင်ပါတယ်။
(၁) ဗိုက်တာမင်စီကြွယ်ဝတဲ့ အသီးအနှံတွေ

Photo: Freepik
ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့ ဗိုက်တာမင်စီတွေက အရေးပါပါတယ်။ ဗိုက်တာမင်စီဟာ ရောဂါကူးစက်မှုတွေကို ဟန့်တားတိုက်ဖျက်နိုင်စွမ်းရှိတဲ့ သွေးဖြူဆဲတွေကို ပိုတိုးပွားစေပါတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဗိုက်တာမင်စီဓါတ်ကို သံပုရာ ၊ လိမ္မော် ၊ ဂရိတ်ဖရုစတဲ့ အသီးအနှံတွေကနေ ရနိုင်ပါတယ်။ ငရုတ်ပွကြီးတွေကတော့ ဗိုက်တာမင်ကြွယ်ဝတဲ့အပြင် မျက်လုံးနဲ့ အသားအရေအတွက်ပါ အကျိုးများတဲ့ ဘီတာကာရိုတင်းဓါတ် ပါရှိပါတယ်။
(၂) ကြက် ၊ ဘဲ

Photo: Freepik
အအေးမိလို့ နေထိုင်မကောင်းဖြစ်ချိန်မှာ ကြက်စွပ်ပြုတ်သောက်ပေးခြင်းဟာ အကောင်းဆုံးအာဟာရဖြည့်စွက်မှု လုပ်ပေးခြင်းပဲ ဖြစ်ပါတယ်။ ကြက်/ဘဲနဲ့ ကြက်ဆင်တို့မှာ ဗိုက်တာမင် B-6 ဓါတ်တွေ ကြွယ်ဝစွာ ပါရှိပါတယ်။ ဒီဗိုက်တာမင်ဟာ ကျန်းမာတဲ့ သွေးနီဆဲလ်တွေ ဖွံ့ဖြိုးဖို့ အရေးကြီးတဲ့ လုပ်ဆောင်ချက်တွေ လုပ်ပေးပါတယ်။ ကြက်သားသုံးအောင်စ စားပေးရုံနဲ့ တစ်နေ့တာလိုအပ်တဲ့ ဗိုက်တာမင် B-6 ငါးဆယ်ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနိုင်မှာပါ။
(၃) ပန်းပွင့်စိမ်း

Photo: Freepik
မြန်မာလို ပန်းပွင့်စိမ်းလို့ ခေါ်ကြတဲ့ Broccoli တွေဟာ ကိုယ်ခံအားစနစ် မြှင့်တင်ဖို့ အကောင်းဆုံးအစားအစာတွေထဲက တစ်ခုဖြစ်ပါတယ်။ Broccoli တွေမှာ ဗိုက်တာမင် အီး ၊ စီနဲ့ အေအပြင် အမျှင်ဓါတ်နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ ချက်ပြုတ်တဲ့နေရာမှာ အကျက်လွန် Overcooking မဖြစ်ဖို့တော့ ဂရုစိုက်ပေးရမှာပါ။
(၄) ကြက်သွန်ဖြူ

Photo: Freepik
ကြက်သွန်ဖြူကလည်း ကူးစက်မှုတိုက်ဖျက်ဖို့နဲ့ ကိုယ်ခံအားမြှင့်ဖို့အတွက် နာမည်ကြီးပါတယ်။ ကြက်သွန်ဖြူဟာ သွေးဖိအားတွေလည်း ကျဆင်းစေပြီး သွေးလွှတ်ကြောတွေ ထုံးနေတာမျိုးကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
(၅) ဂျင်း

Photo: Freepik
အအေးမိဖျားနာတဲ့အခါ မီးဖိုချောင်ဆေးတစ်လက်အနေနဲ့ သုံးတတ်ကြတဲ့ အစားအစာတစ်ခုက ချင်း(ဂျင်း) ဖြစ်ပါတယ်။ ဂျင်းဟာ ရောင်ကိုင်းမှုကို လျှော့ချပေးနိုင်သလို အအေးမိ/တုတ်ကွေးအပျော့စားဝေဒနာတွေကိုပါ တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။ ကျန်းမာရေးနဲ့မညီတဲ့ ကိုလက်စထရောတွေလည်း ကျဆင်းစေပြီး နာတာရှည်နာကျင်မှုကိုလည်း သက်သာစေနိုင်ပါတယ်။
(၆) ဟင်းနုနွယ်

Photo: Freepik
ဟင်းနုနွယ်ရွက်ကလည်း ဗိုက်တာမင်စီ ကြွယ်ဝတဲ့အရွက်တစ်မျိုးပါ။ ကိုယ်ခံအားစနစ်ကောင်းမွန်ပြီး ကူးစက်မှုတွေ တိုက်ဖျက်နိုင်စွမ်းအတွက် အရေးပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ဘီတာကာရိုတင်းဓါတ်တွေလည်း ပါရှိပါတယ်။ ပန်းပွင့်စိမ်းလိုပါပဲ။ သူ့ကို ချက်ရင် Overcook မဖြစ်ဖို့ လိုပါတယ်။
(၇) Green Tea

Photo: Freepik
ဓါတ်တိုးဆန့်ကျင်စွမ်းမြင့်တဲ့ နောက်ထပ်အစားအသောက်တစ်ခုက Green Tea ဖြစ်ပါတယ်။ Grean Tea မှာ T-Cell တွေမှာ တွေ့ရတဲ့ ရောဂါပိုးနှိမ်နင်းနိုင်တဲ့ L-Theanine ဆိုတဲ့ အမိုင်နိုအက်ဆစ်ဓါတ်လည်း ပါဝင်ပါတယ်။ တစ်နေ့ကို Green Tea တစ်ခွက်နှစ်ခွက်လောက် သောက်ပေးရုံနဲ့ စိတ်လက်လည်း ကြည်လင် Immunity လည်း တက်စေမှာပါ။
(၈) အယ်လ်မွန်

Photo: Freepik
ဗိုက်တာမင်အီးဟာ အအေးမိသက်သာစေနိုင်စွမ်းမှာ ဗိုက်တာမင်စီလောက်တော့ မစွမ်းပေမယ့် ကိုယ်ခံအားစနစ်ကျန်းမာကြံ့ခိုင်စေဖို့အတွက် အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်နေပါတယ်။ ဗိုက်တာမင်အီးကို အယ်လ်မွန်စေ့တွေမှာ ကြွယ်ဝစွာ ပါဝင်တာတွေ့နိုင်ပါတယ်။ တစ်နေ့ကိုအယ်လ်မွန်စေ့ လက်တစ်ဆုပ်စာလောက် စားပေးရုံနဲ့တင် ဗိုက်တာမင်အီးလိုအပ်ချက်ကို ဖြည့်ပေးနိုင်ပါတယ်။
(၉) နနွင်း

Photo: Freepik
ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်တဲ့ နနွင်းကို ကြိုက်တဲ့သူလည်း ရှိသလို မကြိုက်တဲ့သူတွေလည်း ရှိပါတယ်။ ငြင်းမရတဲ့အချက်က နနွင်းဟာ ကျန်းမာရေးအကျိုးများတဲ့ အစားအစာဖြစ်တယ်ဆိုတာပါပဲ။ နနွင်းဟာ ရောင်ကိုင်းမှုကို တိုက်ဖျက်နိုင်ပါတယ်။ အားကစားလုပ်လို့ ကြွက်သားထိခိုက်မှုတွေကိုလည်း နနွင်းနဲ့ကုသလို့ ရပါတယ်။
(၁၀) နေကြာစေ့

Photo: Freepik
နေ့ကြာစေ့တွေကိုလည်း အထင်မသေးသင့်ပါဘူး။ နေကြာစေ့မှာ ဗိုက်တာမင်အီး ၊ B6 ၊ မဂ္ဂနီဆီယမ်နဲ့ ဖော့စဖောရပ်စ်တွေအပါအဝင် ကိုယ်ခံအားစနစ်ကို မြှင့်တင်နိုင်မယ့် အာဟာရဓါတ်တွေ အများကြီးပါဝင်ပါတယ်။ နေကြာစေ့လက်တစ်ဆုပ်စာစားပေးရုံနဲ့ ကိုယ်ခံအားစနစ်လုပ်ဆောင်ချက်တွေကို ထိန်းညှိပေးနိုင်စွမ်းရှိပါတယ်။
