လူတိုင်းက သူတို့ရဲ့ မနက်ခင်းလေးတွေကို မတူကွဲပြားစွာ ဖြတ်သန်းကြတယ်။ တစ်ချို့က နိုးလာတာနဲ့ အိပ်ရာပေါ်က မထဘဲ ဖုန်းကြည့်တယ်။ တစ်ချို့က အိပ်ရာနိုးတာနဲ့ ချက်ခြင်း မျက်နှာသစ်ပြီး အလုပ်လုပ်ကြတယ်။ တစ်ချို့တွေက လေ့ကျင့်ခန်းလုပ်ကြတယ် စသဖြင့် လူအမျိုးမျိုးက ပုံစံအမျိုးမျိုးနဲ့ သူတို့ရဲ့ မနက်ခင်းကို ဖြတ်သန်းကြတယ်။ ဒီနေ့ kwee page ပြောပြပေးမယ့် အကြောင်းအရာလေးကတော့ ကျန်းမာပျော်ရွှင်နေဖို့အတွက် ရှိသင့်တဲ့ မနက်ခင်းအလေ့အကျင့်လေးတွေအကြောင်းပါပဲ။
အိပ်ရာစောစောထပါ

Source: Small Business Trends
မနက်ခင်း ဘယ်သူမှမနိုးသေးခင် အိပ်ရာစောစောထခြင်းက သီးခြားကမ္ဘာငယ်လေးတစ်ခုထဲကို ရောက်သွားသလို ခံစားရစေပါတယ်။ လေ့လာမှုတွေအရ မနက်ခင်း စောစောအိပ်ရာနိုးတဲ့လူတွေမှာ စိတ်ဖိစီးမှု သိပ်မတွေ့ရဘူးလို့ ဆိုထားပါတယ်။ ဘာကြောင့်လဲဆိုတော့ စောစောအိပ်ရာထတဲ့လူတွေက နောက်ကျပြီးမှထတဲ့လူတွေလို အလုပ်နောက်ကျမှာစိုးတဲ့အတွက်ကြောင့် အလျင်စလို ပြင်ဆင်ရတာတွေ မရှိတာကြောင့်ပါပဲ။ စောစောထတဲ့လူတွေဟာ တစ်နေတာ ပြင်ဆင်စရာရှိတာတွေကို အေးအေးဆေးဆေး ပြင်ဆင်ထုတ်ပိုးဖို့ အချိန်ရပါတယ်။
အိပ်ရာနိုးနိုးခြင်း ရေတစ်ခွက်သောက်ပါ

Source: Fit and Fulfilled
အိပ်ရာနိုးတာနဲ့ ရေတစ်ခွက်သောက်ခြင်းက ရိုးရှင်းလွယ်ကူတဲ့ အလုပ်တစ်ခုပါ။ ပြီးတော့ ဒီလိုလုပ်ခြင်းရဲ့ နောက်ကွယ်မှာလည်း အကျိုးကျေးဇူးတွေ အများကြီးရှိနေပါတယ်။ အရမ်းအေးနေတဲ့ ရေကိုမသောက်ပါနဲ့။ အခန်းအပူချိန်မှာ ထားထားတဲ့ ရေကိုသာသောက်ပေးပါ။ ဒီလိုလုပ်ခြင်းဖြင့် အစာအိမ်အူလမ်းကြောင်း တလျှောက်က အညစ်အကြေးတွေကို အဆိပ်အတောက်တွေကို သန့်စင်ပေးနိုင်မယ့် အကောင်းဆုံး နည်းလမ်းပါ။ ဒီလိုလုပ်ပေးတာက ဝမ်းမှန်စေသလို ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပြီးသားဖြစ်ပါတယ်။
ဖုန်းမကြည့်ပါနဲ့

Source: Medical News Today
ယနေ့လူငယ်တော်တော်များများဟာ ဖုန်းကို အိပ်ရာဘေးမှာထားပြီးအိပ်တဲ့ အလေ့အကျင့်ရှိကြတယ်။ ဒါ့ကြောင့်လည်း အိပ်ရာနိုးတာနဲ့ သူတို့တွေပထမဆုံးလုပ်တဲ့ အရာက ဖုန်းယူကြည့်တာပါပဲ။ မနက်ခင်း အိပ်ရာထဲမှာ ဖုန်းကြည့်ခြင်းက သင့်ရဲ့တစ်နေတာကို ဖျတ်ဆီးပစ်နိုင်ပါတယ်။ မနက်ခင်း ဖုန်းကြည့်ခြင်းက စိတ်ဖိစီးမှုအကြောင်းအရာတွေ၊ ဖြေရမယ့် စာတွေ အီးမေးလ်တွေကြောင့် သင့်ရဲ့မနက်ခင်းလေး ပျက်စီးသွားတက်ပါတယ်။ အကောင်းဆုံးကတော့ ဖုန်းကို နိုးစက်အနေနဲ့လည်းအသုံးမပြုပါနဲ့။ မနက်ခင်းတစ်ခင်းလုံးဖုန်းကို ကိုယ်နဲ့ ဝေးရာမှာထားလိုက်ပါ။
လေ့ကျင့်ခန်းလုပ်ပါ

Source: Rethink Beautiful
(၁) နာရီ (၂) နာရီလောက် ပြေးတာ gym ဆော့တာမျိုးလုပ်စရာမလိုအပ်ပါဘူး။ ပေါ့ပေါ့ပါးပါးကိုယ်လက်လှုပ်ရှားမှုကို (၅) မိနစ် (၁၀) မိနစ်ခန့် လုပ်ပေးခြင်းဖြင့် ကြွက်သားတွေကို နိုးဆွပေးလိုက်ပါ။ မနက်ခင်းမှာ အကြောလျှော့တာ၊ လမ်းလျှောက်တာ နဲ့ ယောဂကစားပေးတာ စသဖြင့် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေ လုပ်ပေးလို့ရပါတယ်။
မနက်စာ စားပါ

Source: Eat This, Not That
အလုပ်အရမ်းများနေရင်တောင်မှ မနက်စာကို အလွတ်မခံပါနဲ့။ မနက်စာက တစ်နေ့တာလုံးမှာ အင်အားပြည့်ဝနေစေဖို့ရော ကျန်းမာရေးအတွက်ပါ အရေးကြီးတဲ့ အစားအစားပါ။ ဒါကြောင့် အလုပ်များနေရင်တောင် မနက်စာကို အာဟာရပြည့်ဝတဲ့ အစားအစာတစ်ခုခု စားဖြစ်အောင်စားပါ။
