နေ့ရက်တိုင်းက အခွင့်အရေးအသစ်တွေနဲ့ ပြည့်နှက်နေတယ်လို့ လူတွေကပြောကြတယ်။ ဒီလိုအခွင့်အရေးတွေကို အရယူဖို့အတွက် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို အထူးပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ဘဝမှာ ကြုံတွေ့လာရမယ့် အခက်အခဲတွေကို ကျန်းမာနေမှ ရင်ဆိုင်ကျော်ဖြတ်နိုင်မှာပါ။ ဒီနေ့တော့ ကျန်းမာတဲ့ ဘဝပိုင်ဆိုင်နိုင်ဖို့အတွက် လူတိုင်းလိုက်နာကျင့်သုံးသင့်တယ်လို့ ထင်တဲ့ အလေ့အကျင့်ကောင်းတွေ အကြောင်းပြောပြပေးသွားမှာပါ။
ပုံမှန်မနက်ခင်းတစ်ခုဖန်တီးပါ

Source: US News Health
ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ကောင်းမွန်နေဖို့အတွက် ပုံမှန်မနက်ခင်းတစ်ခုဖန်တီးဖို့ လိုအပ်ပါတယ်။ မနက်တိုင်း အိပ်ရာစောစောထနိူင်အောင် ကြိုးစားပါ။ ဒါမှသာ မနက်ခင်းလုပ်စရာတွေတာတွေကို အချိန်မှီပြီးစီးအောင် လုပ်နိုင်မှာပါ။ မနက်တိုင်း နဲ့ ပိတ်ရက်တွေမှာတောင် အိပ်ယာထချိန် တစ်ခုသတ်မှတ်ထားပါ။ ဒီလို မနက်ခင်းပုံမှန်စောစောထခြင်းက မနက်စာစားဖို့ အချိန်ရမယ်။ ပြီးတော့ လေ့ကျင့်ခန်းလုပ်ဖို့လည်း အချိန်ပိုတွေ ရလာပါလိမ့်မယ်။
မနက်စာ လုံးဝ အလွှတ်မခံပါနဲ့

Source: KUTV
လူတော်တော်များများက အချိန်မရှိတာကြောင့် မနက်စာမစားပဲနေတက်ကြတယ်။ ဒါဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အလေ့အကျင့်တော့ မဟုတ်ပါဘူး။ တစ်နေ့တာလုံး အားအင်တွေပြည့်ဝနေဖို့အတွက် မနက်စာစားပေးဖို့ လိုအပ်ပါတယ်။ မနက်ခင်းမှာ သင့်ကိုယ့်ကိုယ်ကိုယ် အားမဖြည့်ထားဘူးဆိုရင် စိတ်မကြည်လင်တာတွေခံစားရနိုင်ပြီး အလုပ်ပေါ်မှာလည်း အာရုံစိုက်နိုင်ဖို့ ခက်ခဲလာနိုင်ပါတယ်။
ရေဓာတ်ပြည့်ဝနေပါစေ

Source: MetroSaga
ရေသောက်ခြင်းက ကျန်းမာရေးအတွက် အကောင်းဆုံးသော အလေ့အကျင့်တစ်ခုပါပဲ။ တစ်နေ့တာ လုံလောက်တဲ့ ရေပမာဏ သောက်သုံးပေးပါ။ ရေက ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေ စွန့်ထုတ်ပေးဖို့ ကူညီပေးသလို တစ်ခြား အင်္ဂါအစိတ်အပိုင်းတွေ ကောင်းမွန်စွာအလုပ်လုပ်နိုင်ဖို့အတွက်လည်း အထောက်အကူပြုပေးပါတယ်။
လေ့ကျင့်ခန်း ပြောင်းလုပ်ပါ

Source: Ekhart Yoga
နေ့တိုင်း ပုံစံတူကိုယ်လက်လှုပ်ရှားမှုပဲ လုပ်နေမယ်ဆိုရင် သင့်ခန္ဓာကိုယ်က ကျင့်သားရနေပါလိမ့်မယ်။ နေ့စဉ် မတူညီတဲ့ လေ့ကျင့်ခန်းတွေ လုပ်ဖို့ အရေးကြီးပါတယ်။ ဒီနေ့ စက်ဘီးစီးတယ်ဆိုရင် နောက်နေ့ အပြေးလေ့ကျင့်ခန်းပြောင်းလုပ်ပေးပါ။ ဒီလိုလုပ်ပေးခြင်းက ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။
သင့်ခန္ဓာကိုယ်က ပြောတာကိုနားထောင်ပါ

Source: Stress Coach Training
ဘဝမှာ စည်းကမ်းရှိရှိလိုက်နာနေထိုင်ဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ သင့်ခန္ဓာကိုယ်က ပြောတာကိုနားထောင်ပေးရပါလိမ့်မယ်။ ပျော်ရွှင်မှုအတွက် တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကနေ အနားယူဖို့လိုအပ်လာပြီဆိုရင် တွန့်ဆုတ်မနေဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အကျင့်ဖြစ်သွားအောင်တော့ မလုပ်ပါနဲ့။
