အိမ်ကနေ ထွက်သွားပြီးခါမှ ဖုန်း မေ့ကျန်ခဲ့တာတွေ ကြုံဖူးကြမယ်ထင်ပါတယ်။ ဒါဟာ တကယ့်ကို စိတ်ပျက်စရာကောင်းပါတယ်။ ဒီလို မကြာခဏမေ့တက်တဲ့အကျင့်ရှိနေပြီဆိုရင် သင့်ရဲ့မှတ်ဉာဏ်အားကောင်းလာအောင် လေ့ကျင့်ခန်းတွေ လုပ်ပေးဖို့ လိုအပ်နေပါပြီ။ ဒီနေ့ တော့ မှတ်ဉာဏ်အားကောင်းနေစေဖို့အတွက် ပြုလုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းတစ်ချို့ကို ဖော်ပြပေးသွားမှာပါ။

လက်နှစ်ဖက်ကို အလှည့်ကျ အသုံးပြုပေးပါ

လူအများစုက ပုံမှန်ဆိုရင်တော့ ကိုယ်အားသန်တဲ့ လက်ကိုပဲအသုံးပြုကြတာ များပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ အားမသန်တဲ့ လက်ကိုအသုံးပြုပေးခြင်းက ဦးနှောက်စွမ်းရည်ကို မြှင့်တင်ပေးပါတယ်။ ဥပမာ ညာလက်နဲ့သွားတိုက်နေကျဆိုရင် ဘယ်လက်နဲ့ပြောင်းတိုက်ပေးကြည့်ပါ။ တံမြက်စည်းလှည်းတာ၊ စာရေးတာ၊ ပန်းကန်ဆေးတာ စတဲ့အလုပ်တွေကို ကိုယ်အားမသန်တဲ့ လက်နဲ့လုပ်ကြည့်ပေးပါ။ ပထမဆုံးအကြိမ်လုပ်တဲ့အချိန်မှာတော့ ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့်နောက်ပိုင်း အကျင့်ဖြစ်သွားရင် လွယ်ကူသွားပါလိမ့်မယ်။

စာကို အသံကျယ်ကျယ်ထွက် ဖတ်ပေးပါ

စာကို အသံကျယ်ကျယ်ထွက်ဖတ်ပေးတာကလည်း မှတ်ဉာဏ်အားကောင်းစေပါတယ်။ စကားပြောလိုက်တဲ့အခါမှာ ကိုယ်တိုင်ပြန်ကြားရခြင်းက သတင်းအချက်အလတ်တွေ ဦးနှောက်မှာသိုလှောင်ပေးဖို့ အထောက်အပံ့ဖြစ်စေပါတယ်။ ဒီလေ့ကျင့်ခန်းကို ကလေးတွေ (သို့) သူငယ်ချင်းတွေနဲ့ ပြုလုပ်ပေးနိုင်ပါတယ်။

တူဖြင့် အစာစားပေးပါ

လက်ချောင်းထိပ်က ဆဲလ်တွေမှာ အာရုံစူးစိုက်ပေးခြင်းက ဦးနှောက်ကို လှုံဆော်ပေးနိုင်ပါတယ်။ တူအသုံးပြုတာ စတဲ့လက်ချောင်းတွေနဲ့ လုပ်ရတဲ့အလုပ်တွေက ဦးနှောက်သွေးလည်ပတ်မှုအားကောင်းစေဖို့ ကူညီပေးပါတယ်။

အသစ်တွေသင်ယူပါ

အသစ်အသစ်တွေ သင်ယူခြင်းကပျော်စရာလည်းကောင်းသလို ဦးနှောက်ဆက်သွယ်မှုကိုလည်း အားကောင်းစေပါတယ်။ လေ့လာမှုတွေအရ အသစ်အသစ်တွေသင်ယူခြင်းက သက်ကြီးပိုင်းတွေမှာ မှတ်ဉာဏ်အားကောင်းစေတယ်လို့ ဆိုထားပါတယ်။

Source: Bright Side