ကော်ဖီကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို လူသိများပါတယ်။ ဘီယာကတော့ အရက်စာရင်းဝင်ဖြစ်လို့ ကျန်းမာရေးအတွက် သတိနဲ့ သောက်သုံးမှုလုပ်ဖို့ လိုပါတယ်။ ဒီလိုပြောလို့ ဘီယာဟာ သင့်အတွက် လုံးလုံးမကောင်းဘူးတော့လည်း မဟုတ်ပါဘူး။
တစ်ခါတလေမှာ ညနေခင်း ခြံတွင်းထဲဆင်းပြီး အချစ်ဆုံးသူငယ်ချင်းတစ်ယောက်နဲ့ ရှေးဟောင်းနှောင်းဖြစ်လေးတွေ ပြောရင်း အပန်းဖြေဖို့ အကောင်းဆုံးက ကော်ဖီမဟုတ်တာတော့ သေချာပါတယ်။ ဒီလိုအချိန်မှာ ဘီယာပုလင်းလေးတွေ ကိုယ်စီနဲ့ ဖြတ်သန်းသင့်ပါတယ်။ ဘီယာသောက်တာဟာ အဆိုးချည်းပဲတော့ မဟုတ်ပါဘူး။ ဘီယာက ဘာတွေကောင်းသလဲဆိုတော့ –
(၁) အရိုးနဲ့ သွားတွေ သန်မာစေတယ်

Photo: mashed
နို့က အရိုးအဆစ်တွေ သန်မာစေတယ်လို့ ကြားဖူးကြမှာပါ။ ဘီယာကလည်း အရိုးတွေ ကျန်းမာစေပါတယ်။ ကယ်လ်ဆီယံကြောင့်တော့ မဟုတ်ပါဘူး။ ကယ်လီဖိုးနီးယားတက္ကသိုလ်က ပြုလုပ်တဲ့သုတေသနတစ်ခုအရ ဘီယာမှာ အရိုးနဲ့ တွယ်ဆက်တစ်သျှူးတွေ သန်စွမ်းစေတဲ့ Dietary Silicon ပမာဏမြင့်တယ်လို့ ဆိုပါတယ်။
Healthline သတင်းအရ ဘီယာဟာ သွားကျန်းမာရေးအတွက်လည်း ကောင်းတယ်လို့ ဆိုပါတယ်။ သုတေသနအရ သွားပေါ်က ကြွေလွာတွေကို ပိုပြီး ကျန်းမာအောင် ဘီယာတွေက စွမ်းဆောင်နိုင်တယ်လို့ တွေ့ရှိထားပါတယ်။
(၂) ဖန်တီးမှု ပိုကောင်းစေတယ်

Photo: mashed
ဘီယာသောက်သုံးခြင်းဟာ လူတစ်ယောက်ကို ပိုပြီး ဖန်တီးမှုထက်သန်အောင် လှုံ့ဆော်နိုင်တယ်လို့ အီလီနွိုက်စ်-ချီကာဂိုတက္ကသိုလ် က လုပ်တဲ့ လေ့လာမှုက ဖော်ပြထားပါတယ်။ ဒီလေ့လာမှုမှာ ဘီယာလုံးဝမသောက်တဲ့အဖွဲ့နဲ့ ဘီယာနှစ်ပိုင့်သောက်တဲ့ အဖွဲ့ဆိုပြီး ခွဲထားပါတယ်။ ဘီယာသောက်တဲ့အဖွဲ့ဟာ ပြဿနာတွေကို ၄၀% ပိုဖြေရှင်းနိုင်တာ တွေ့ထားပါတယ်။
(၃) ဆီးချိုသွေးတိုးကျဆင်းဖို့ ကူညီနိုင်တယ်

Photo: mashed
ဘီယာဟာ ဆီးချိုသွေးတိုးကျဆင်းအောင် လုပ်ရာမှာ အထောက်အကူပြုနိုင်တယ်လို့ ဆိုပါတယ်။ ဘီယာလုံးဝမသောက်သူတွေနဲ့ အတော်အသင့်သောက်သူတွေကို လေ့လာရာမှာ ဒီရလဒ်ထွက်လာတာ ဖြစ်ပါတယ်။ တစ်ပတ်ကို ဘီယာတစ်ခွက်ကနေ ခြောက်ခွက်အတွင်း သောက်သုံးတဲ့ အမျိုးသားတွေဟာ ဆီးချိုသွေးတိုးဖြစ်မှု ၂၁% ပိုကျဆင်းစေနိုင်တယ်လို့ ဆိုပါတယ်။
(၄) နှလုံးနဲ့ မျက်လုံး ကျန်းမာစေတယ်

Photo: mashed
နောက်ထပ် ကျန်းမာရေးအကျိုးတစ်ခုက ဘီယာသောက်ခြင်းအားဖြင့် နှလုံးကျန်းမာရေး အားပေးတယ်လို့ ဆိုပါတယ်။ တစ်ရက်ကို ဘီယာတစ်ပိုင့်သောက်တဲ့လူတွေပေါင်း ၂ သိန်းဆီက အချက်အလက်တွေအရ ပျမ်းမျှအားဖြင့် နှလုံးရောဂါဖြစ်မှုကို ၃၁% ဝန်းကျင် လျှော့ချပေးနိုင်တယ်လို့ LiveScience ဂျာနယ်က ဖော်ပြထားပါတယ်။
အမျိုးသားမျက်လုံးအင်စတီကျု့ဒ်အရ အသက်ကြီးလာတာနဲ့အမျှ မျက်စိတိမ်စွဲခြင်းဟာ အဖြစ်များတယ်လို့ ဆိုပါတယ်။ ဘီယာကို အတော်အသင့်သောက်သုံးခြင်းဟာ မျက်စိတိမ်စွဲမှုကို လျော့ပါးစေတယ်လို့ ဆိုပါတယ်။
(၅) ကိုယ်ခံအားစနစ်လုပ်ဆောင်ချက် ပိုကောင်းစေတယ်

Photo: mashed
ကယ်လီဖိုးနီးယား တက္ကသိုလ် Riverside က ပြုလုပ်တဲ့ သုတေသနတွေအရ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေ သောက်သုံးခြင်းအားဖြင့် လိမ္မော်ရည်သောက်သုံးတာထက် ကိုယ်ခံအားစနစ်ကို ပိုကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် အရက်ဘီယာ၊ ဝိုင်တွေကို အလွန်အကျွံသောက်မယ်ဆိုရင်တော့ ကိုယ်ခံအားစနစ် ထိခိုက်နိုင်တာကြောင့် သင့်ရုံပဲ သောက်ပေးရမှာ ဖြစ်ပါတယ်။
