အလုပ်ခန့်မယ့်လူတွေက အင်တာဗျူးတဲ့အချိန်မှာ အလုပ်လာလျှောက်တဲ့လူတွေအနေနဲ့ အလုပ်နဲ့ကိုက်ညီမှုရှိမရှိသိရအောင် မေးခွန်းတွေမေးလေ့ရှိပါတယ်။ ဒါပေမယ့် အလုပ်လျှောက်တဲ့လူတော်တော်များများက အင်တာဗျူးတဲ့လူတွေကို မေးခွန်းတွေပြန်မေးဖို့ မစဉ်းစားကြဘူး။ အင်တာဗျူးတဲ့လူတွေကို သင့်တော်တဲ့မေးခွန်းတွေပြန်လည်မေးမြန်းခြင်းက ကိုယ်ဟာ အလုပ်အပေါ်အမှန်တကယ်စိတ်ဝင်စားမှုရှိလို့ လာလျှောက်တာဖြစ်ကြောင်း ပြရာရောက်ပါတယ်။ ပြီးတော့ ကိုယ်လျှောက်ထားတဲ့အလုပ်အကြောင်းကိုလည်း လေ့လာမှုတွေ လုပ်ထားကြောင်းပြသတဲ့ သဘောပါပဲ။ ဒီနေ့ kwee page ကအင်တာဗျူးတဲ့လူတွေကို ပြန်မေးသင့်တဲ့ မေးခွန်းလေးတွေ အကြောင်း ပြောပြပေးသွားမှာပါ။
ကျေးဇူးပြုပြီး အလုပ်လုပ်ရက်တွေ အကြောင်းပြောပြပေးလို့ရမလား

Source: Catermatch Solutions
အင်တာဗျူးတဲ့လူတွေအနေနဲ့ သင့်ရဲ့မေးခွန်းတွေကို ဘယ်လောက်ထိဖြေပေးချင်စိတ်ရှိလဲဆိုတာကို သိချင်ရင် ဒီမေးခွန်းကအသင့်တော်ဆုံးပါပဲ။ ဒီမေးခွန်းက အလုပ်ခွင်နဲ့ပတ်သက်ပြီး ဘယ်လိုတွေလည်ပတ်နေလဲဆိုတာကို သိစေနိုင်ပါတယ်။ ပြီးတော့ အလုပ်အချိန်ဇယားကိုလည်း သိရှိနိုင်ပြီး အချိန်ပိုလုပ်ရမလား ပုံမှန်ပဲ အလုပ်လုပ်ရမလား စသဖြင့်သိနိုင်ပါလိမ့်မယ်။
ပထမ (၆) လအတွင်း ကျွန်တော့်ဆီကနေ ဘာတွေမျှော်လင့်ထားသလဲ

Source: Etech-Hi-Inc.
ဒီမေးခွန်းကလည်း မေးသင့်တဲ့ မေးခွန်းတစ်ခုပါ။ သူတို့ရဲ့အဖြေပေါ်မှာမူတည်ပြီး အလုပ်စဝင်တဲ့ လတွေမှာ ဘာတွေပြီးမြောက်အောင်လုပ်ပေးရမလဲ ဘာတွေလုပ်ပြရမလဲဆိုတာကို သိနိုင်ပါလိမ့်မယ်။ ပြီးတော့ အလုပ်ခွင်ကနေ ဘယ်လောက်ထိသင်ယူနိုင်မလဲ၊ သင့်ကို လမ်းပြပေးမယ့်သူရောရှိမလား ဆိုတာပါသိရှိနိုင်မှာပါ။ ဒီမေးခွန်းမေးလိုက်ပြီး သူတို့ရဲ့အဖြေကိုကြားရပြီဆိုရင် သူတို့မျှော်လင့်ထားတာနဲ့ သင်ဘက်က လုပ်ပေးနိုင်တာတွေ ကွာဟမှုကြီးကြီးမားမားရှိတယ်ဆိုရင် ပွင့်ပွင့်လင်းလင်းပြောဖို့ လိုအပ်ပါတယ်။
ရေရှည်အတွက် ကျွန်တော့်ဆီကနေ ဘာတွေမျှော်လင့်ထားသလဲ

Source: Fortune
ရေတိုအတွက် မေးပြီးသွားပြီဆိုရင် ရေရှည်အတွက်မေးခွန်းမေးဖို့ ကြိုးစားပါ။ သင့်ရဲ့ တာဝန်ယူမှုအပိုင်းနဲ့ သင့်ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ဟာ ကိုက်ညီမှုရှိလားဆိုတာကိုလည်း ရှင်းလင်းအောင်လုပ်ထားပါ။ အရေးကြီးဆုံးကတော့ အလုပ်အသစ်က သင့်ဘဝတိုးတက်မှုလမ်းမှာ ဘယ်လောက်ထိအကူအညီပေးနိုင်မလဲဆိုတာပါပဲ။
ဒီအလုပ်ရာထူးအတွက် စိန်ခေါ်မှုတွေက ဘာတွေဖြစ်မလဲ

Source: Lifehack
ဒီအချက်ကတော့ အလုပ်ခေါ်စာတွေမှာ ဖတ်ရလေ့မရှိပါဘူး။ အင်တာဗျူးတဲ့လူတွေက သူတို့ကိုယ်တိုင် ပြောပြလေ့ရှိတာပါ။ သူတို့ရဲ့အဖြေပေါ်မှာမူတည်ပြီး စိန်ခေါ်မှုတွေအတွက် ကြိုတင်ပြင်ဆင်လို့ရပါလိမ့်မယ်။
