အခုစာဖတ်နေသူဟာ ဘီယာသောက်တတ်တယ်ဆိုရင် ဘီယာသောက်သုံးတဲ့ပုံစံကတော့ မှားဖို့ များပါတယ်။ ဘီယာအမျိုးအစား ရွေးချယ်မှုမှားလို့ မဟုတ်ပါဘူး။ ဘီယာသောက်တဲ့ပုံစံ မမှန်တာမျိုးကို ဆိုလိုပါတယ်။

အမေရိကန်အမျိုးသားဘီယာလက်ကားအသင်း NBWA ရဲ့ အဆိုအရ အသက် ၂၁ နှစ်အထက် တရားဝင်အရက်ဘီယာသောက်သုံးနိုင်တဲ့သူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် တစ်နှစ်ကို ဘီယာ ၂၅.၉ ဂါလံသောက်သုံးကြတယ်လို့ဆိုပါတယ်။ ဒီလူတွေအကုန်လုံးက ဘီယာကို မှန်ကန်တဲ့ခွက်နဲ့ သောက်သုံးကြတာတော့ မဟုတ်ပါဘူး။

Photo: thrillist

ဘီယာကို ပုလင်းလိုက်မော့သောက်သူတွေဟာ ဘီယာရဲ့ အရသာကို အပြည့်အဝခံစားနိုင်မှာ မဟုတ်ဘူးလို့ဆိုပါတယ်။ ဘီယာကို သောက်ဖို့အကောင်းဆုံးက ဖန်ခွက်နဲ့ ဖြစ်ပါတယ်။ ဖန်ခွက်ထဲကို ဘီယာလောင်းထည့်လိုက်ချိန်မှာ တက်လာတဲ့ အမြှုပ်လေးတွေ ပေါက်ကွဲသွားပြီး ဘီယာရဲ့ အနံ့အရသာ ပိုထွက်လာမှာပါ။

ဒါတောင် ဖန်ခွက်ပေါ်မူတည်ပြီး ဘီယာရဲ့ အရသာအရောင်နဲ့ ရနံ့ပြောင်းနိုင်တယ်လို့ ဆိုပါတယ်။ ဘီယာထည့်တဲ့ခွက်က မျက်နှာဝ ကျယ်လေလေ ဘီယာရဲ့ရနံ့ ပိုထွက်လေ ဖြစ်ပါတယ်။ အယ်လ်ကိုဟောနည်းတဲ့ ဘီယာသောက်ချင်ရင် ပုံမှန်ဆိုဒ်ဖန်ခွက်နဲ့ သောက်နိုင်ပါတယ်။ အယ်လ်ကိုဟောပမာဏ ပိုမြင့်ချင်ရင် မျက်နှာဝကျဉ်းတဲ့ ဖန်ခွက်နဲ့ သောက်သင့်ပါတယ်။
Wheat ဘီယာသောက်သူဆိုရင် ရှည်လျားပြီး သေးသွယ်တဲ့ Weizen ဖန်ခွက်ရွေးသင့်ပါတယ်။ အရသာစုံလင်ပြီး အမြှုပ်တစ်ဖွေးဖွေးနဲ့ သောက်ချင်ရင် ကျူးလစ်ပုံစံဖန်ခွက် သုံးပါ။ အပြင်းစား Stout ဘီယာသောက်မယ်ဆိုရင် ကော့ညက်ဖန်ခွက်လိုမျိုး အိုးကျယ်ဖန်ခွက်မျိုးနဲ့ သောက်သင့်ပါတယ်။

Photo: The Sun

ဘီယာသောက်မယ်ဆိုရင် Ice Cold အဆင့် ခဲအောင်အေးနေရင် သောက်လို့မကောင်းပါဘူး။ Wheat ဘီယာပျော့မျိုးဆိုရင် အပူချိန် ၄၀ ကနေ ၅၀ ဒီဂရီ ဖာရင်ဟိုက်အကြားမှာ ထားသင့်ပြီး Strout နဲ့ Porters အမျိုးအစားတွေကို ၄၅ ဒီဂရီဖာရင်ဟိုက်နဲ့ ၅၅ ဒီဂရီ ဖာရင်ဟိုက်ကြား ထားပေးသင့်ပါတယ်။

အကြာကြီး သိမ်းထားပြီးမှ သောက်ရင်လည်း အဆင်မပြေပါဘူး။ဘီယာက ဝိုင်တို့ အရက်တို့နဲ့ မတူပါဘူး။ ဘီယာအများစုဟာ ပျမ်းမျှ ၆ လကနေ ၉ လအတွင်းပဲ သောက်လို့ကောင်းပါတယ်။ နောက်တစ်ခုက အများသိကြပါတယ်။ ဘီယာကို တိုက်ရိုက်နေရောင်အောက်မှာ ထားမယ်ဆိုရင် ဓါတ်ပြုမှုဖြစ်ပြီး အနံ့နဲ့အရသာပေါ် ထိခိုက်မှု ဖြစ်နိုင်ပါတယ်။