အိပ်စက်ခြင်းဟာ အကုန်အကျအနည်းဆုံး ဇိမ်ခံခြင်းတစ်ခု ဖြစ်ပါတယ်။ ကျန်းမာရေးအမြင်အရလည်း အကျိုးများတဲ့ကုထုံးတစ်ခုလို ဖြစ်ပါတယ်။ ဒါပေမဲ့ အခုခေတ်မှာ လူတွေရဲ့ အိပ်စက်မှုအရည်အသွေးဟာ ကျသထက် ကျလာနေပါတယ်။ စမတ်ဖုန်းသုံးစွဲမှု လွန်ကဲလာခြင်းနဲ့ လူနေမှုပုံစံမှားယွင်းခြင်းတွေကြောင့် အိပ်ရေးပျက်တဲ့ညတွေ ပိုများလာနေပါတယ်။

ဒီနေ့ခေတ်မှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေက အရွယ်ရောက်သူတွေရဲ့ သုံးပုံနှစ်ပုံဟာ တစ်ရက် ၈ နာရီ အိပ်စက်မှုမရှိကြဘူးလို့ ဆိုပါတယ်။ ဒါကြောင့်ပဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီးက အိပ်ပျက်ကပ် (Sleep Loss Epidemic) လို့တောင် နာမည်ပေးထားပါတယ်။ အိပ်ပျက်ခြင်းက သင့်ကျန်းမာရေးကို ဖျက်ဆီးမှုမလုပ်ခင် နှစ်ခြိုက်စွာ အိပ်စက်နိုင်မယ့်နည်းလမ်းလေးတွေနဲ့ ကြိုတင်ကာကွယ်ထားရအောင်ပါ။

(၁) နေ့စဉ်ပုံမှန်အစီအစဉ်နဲ့ အိပ်ရာဝင်ပါ

Photo: Freepik

အိပ်ရာဝင်ချိန်ကို စည်းကမ်းထားတာ အကောင်းဆုံးဖြစ်ပါတယ်။ အကျင့်ဖြစ်သွားရင် တစ်ရက် ၈ နာရီ အိပ်ရတာ ပုံမှန်ဖြစ်လာပါလိမ့်မယ်။ အိပ်ရေးဝဖို့အတွက် ညဘက် ၁၀ နာရီထက် နောက်မကျစေဘဲ အိပ်ရာထဲ ရောက်နေပါစေ။ အိပ်ရာဆိုတာ အိပ်စက်ဖို့ဖြစ်ပါတယ်။ အိပ်ရာပေါ်မှာ အလုပ်လုပ်တာ ၊ ဂိမ်းဆော့တာမျိုး ရှောင်ပါ။ မအိပ်ခင် နာရီဝက်လောက် ကြိုပြီး အိပ်ရာထဲ လှဲရင်း စာအုပ်တစ်အုပ် ဖတ်နိုင်ပါတယ်။

(၂) ကဖိန်းနဲ့ နီကိုတင်းတွေ ရှောင်ပါ

Photo: apetogentleman

လက်ဖက်ရည် ၊ ကော်ဖီ ၊ Energy Drinks နဲ့ အားကစားလုပ်သူတွေ သုံးကြတဲ့ ဖြည့်စွက်အစာတွေမှာ ကဖိန်းပါရှိပါတယ်။ ကဖိန်းဆိုတာ အိပ်ချင်စိတ်ကို အနှောင့်အယှက်ပေးတဲ့ သဘောရှိပါတယ်။ အိပ်မပျော်လွယ်သူအဖို့ ညဘက်မျက်စိကြောင်စေတဲ့ အစားအစာ ဖြစ်လို့ ရှောင်ရမယ့် စာရင်းမှာ ထည့်သွင်းထားပါ။ တစ်ဆက်တည်း အယ်လ်ကိုဟောပါတဲ့ အရက်ဘီယာသောက်သုံးခြင်းကလည်း အိပ်စက်မှုဟော်မုန််းဖြစ်တဲ့ Melatonin ထွက်မှုကို ထိခိုက်စေပါတယ်။ ဒါကြောင့် အရက်သေစာတွေ ရှောင်ပါ။ အိပ်ချိန်နဲ့ ညစာစားချိန်ကိုလည်း အနည်းဆုံး ၂ နာရီခွဲ ၃ နာရီ ဝေးနေပါစေ။ အစာမကြေရင် အိပ်ပျော်ဖို့ ခက်တာကြောင့် ဖြစ်ပါတယ်။

(၃) အခန်းကို အိပ်ချင်အောင် ပြင်ထားပါ

Photo: apetogentleman

ကိုယ့်အိပ်ခန်းဟာ အသံဗလံဆူညံမှုနည်းပြီး အပူချိန်သိပ်မမြင့်တဲ့ နေရာဖြစ်သင့်ပါတယ်။ အပူချိန်ကျနေမှ မြန်မြန်ဆန်ဆန် အိပ်ပျော်တတ်လို့ ဖြစ်ပါတယ်။ အိပ်ချင်အောင် ဆွဲ‌ဆောင်နိုင်တဲ့ အိပ်ခန်းတစ်ခုဖြစ်ဖို့ အခန်းထဲ အရမ်းကြီး လင်းမနေဖို့ လိုပါတယ်။ အီလက်ထရွန်းနစ်ပစ္စည်းတွေ မထားဘဲ အနီးအနားမှာ စာအုပ်လောက်ပဲ ထားသင့်ပါတယ်။

(၄) နေ့လည်ဘက် မမှေးနဲ့

Photo: Freepik

အိပ်စက်မှုဆိုတာ အကျင့်နဲ့ ဆိုင်ပါတယ်။ နေ့ခင်းနေ့လည် အိပ်တတ်သူအဖို့ ညဘက်မှာ လွယ်လွယ်နဲ့ အိပ်ပျော်လေ့ မရှိကြပါဘူး။ တကယ်လို့ နေ့လည်ဖက် တစ်ရေးလောက် အိပ်ချင်ရင် ညနေ ၃ နာရီ မတိုင်ခင် ဖြစ်ပါစေ။ သုံးနာရီနောက်ပိုင်း အိပ်မိရင်တော့ ညဘက် မျက်စိကြောင်တတ်လို့ ဖြစ်ပါတယ်။

(၅) မအိပ်ခင်ရေချိုးပါ

Photo: apetogentleman

အိပ်စက်မှုကျွမ်းကျင်သူတွေကတော့ အိပ်ပျော်ဖို့အတွက် လူရဲ့ ကိုယ်အပူချိန်ဟာ ၁ ဒီဂရီစင်တီဂရိတ် ကျဆင်းဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ကိုယ်အပူချိန်ကျဖို့အလွယ်ဆုံးကတော့ မအိပ်ခင် ရေချိုးပေးတာပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အိပ်ရာဝင်ချိန်မှာ မြန်မြန်ဆန်ဆန် အိပ်ပျော်နိုင်ပါတယ်။