တကယ်လို့ အယ်လ်ကိုဟောပါတဲ့ ယမကာတစ်မျိုးမျိုး သောက်ဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် အမေရိကန်အာဟာရဆိုင်ရာညွန်ကြားချက်က ပညာရှင်တွေရဲ့ အကြံပေးချက်သစ်ကို လိုက်နာသင့်ပါတယ်။ ဒီညွှန်ကြားချက်က အယ်လ်ကိုဟော သောက်သုံးမယ့် အမျိုးသား/အမျိုးသမီး အားလုံးနဲ့ အကျုံးဝင်တယ်လို့ ဆိုပါတယ်။
အသစ်ထပ်မံ တရားဝင်အကြံပြုထားတဲ့ တစ်ရက်တာ အများဆုံးအယ်လ်ကိုဟောသောက်သုံးမှု ပမာဏဟာ အရင်က အကြံပြုချက်နဲ့ မတူတော့ပါဘူး။ ပြီးခဲ့တဲ့ ၅ နှစ်ကအထိ ယောင်္ကျားတွေဟာ တစ်ရက်ကို ယမကာနှစ်ခွက်နဲ့ အမျိုးသမီးတွေဟာ တစ်ခွက်ထက် ပိုမသောက်သင့်ဘူးလို့ ညွှန်ကြားခဲ့တာပါ။ ဒီအကြံပြုချက်ဟာ ၁၉၉၀ ပြည့်နှစ်ကတည်းက ရှိခဲ့တာပါ။
Photo: nbcnews
ကျန်းမာရေးကျွမ်းကျင်သူတွေ စုဖွဲ့ထားတဲ့ ကော်မတီတစ်ရပ်က ထုတ်ပြန်တဲ့ အကြံပြုချက်သစ်မှာ အမျိုးသားနဲ့ အမျိုးသမီး ခွဲခြားပြီး အယ်လ်ကိုဟောသောက်သုံးမှု အကြံပြုချက်ပေးတာဟာ လုံလောက်ပြည့်စုံမှုမရှိတော့ဘူးလို့ ဆိုပါတယ်။
“ယမကာဆိုတာ နည်းနည်းသောက်လေ ကျန်းမာရေးအတွက် ပိုကောင်းလေလေပါပဲ။” လို့ ဘော်စတွန်တက္ကသိုလ် မှ အယ်လ်ကိုဟောဆိုင်ရာသုတေသီ ဒေါက်တာတင်မိုသီ နာအီမီက ဆိုပါတယ်။
အကြံပြုချက်သစ်မှာ ၁၂ အောင်စနဲ့ ညီတဲ့ ဘီယာတစ်ဗူး ၊ ဝိုင်နဲ့ အရက်ဆိုရင် ၅ အောင်စရှိတဲ့ တစ်ဖန်ခွက်ပဲ သောက်သင့်တယ်လို့ဆိုပါတယ်။ ယောင်္ကျားတွေလည်း တစ်ရက်ကို တစ်ခွက်ထက် ပိုမသောက်သင့်ဘူးလို့လည်း အကြံပြုထားပါတယ်။
Photo: globalnews
ဒီအကြံပြုချက်ဟာ အရက်သောက်တဲ့အလေ့အထနဲ့ အရက်ကြောင့်ဖြစ်တဲ့ ရောဂါကနေ ကားအက်ဆီးဒင့်အထိ ထိခိုက်သေဆုံးမှုတွေအကြား ဆက်စပ်မှုကို လေ့လာချက်အပေါ် အခြေခံထားတာပါ။
ဒေါက်တာနာအီမီရဲ့ အဆိုအရ တစ်ရက် အရက်နှစ်ခွက်သောက်ခြင်းဟာ တစ်ရက်တစ်ခွက်အလေ့အကျင့်ထက်စာရင် သေဆုံးနိုင်ခြေပိုများတယ်လို့ ဆိုပါတယ်။ အမေရိကန်အများစုဟာ လက်ရှိအကြံပြုထားတဲ့ အယ်လ်ကိုဟောလစ်မစ်ထက် ပိုပြီး သောက်သုံးမှုရှိနေတယ်လို့လည်း သူက ပြောပါတယ်။