အိမ်ကွင်းရှုံးပွဲ ထပ်မံကြုံတွေ့ခဲ့ရတဲ့ အာဆင်နယ်

Source: Goal.com
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ အာဆင်နယ် – ဘန်လေ ပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ အိမ်ကွင်း အမ်းမရိတ်မှာ ကစားခဲ့ရပေမယ့် တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။
အိမ်ကွင်းမှာရှုံးနိမ့်ခဲ့တဲ့အပြင် အာဆင်နယ်ကစားသမားတစ်ဦးဖြစ်တဲ့ ဇာကာဟာလည်း ပွဲကစားချိန် (၅၆) မိနစ်မှာ တိုက်ရိုက်အနီကက်ဖြင့် ထုတ်ပယ်ခံခဲ့ရပါတယ်။
အာဆင်နယ်အသင်းဟာ ဇာကာ အနီကက်ဖြင့် အထုတ်မခံရခင်အချိန်အထိ ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ကစားနိုင်ခဲ့ပေမယ့် တစ်ယောက်လျှော့အခြေအနေမှာတော့ ဘန်လေအသင်းရဲ့ ဖိအားပေးကစားမှုကို ခံခဲ့ရပါတယ်။
အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်ကတော့ အသင်းအတွက် ဂိုးပေါက်ပျောက်နေပေမယ့် ပြိုင်ဘက်အသင်းအတွက်တော့ ဂိုးတွေသွင်းပေးနေပါတယ်။ ဘန်လေအသင်းအတွက် အနိုင်ဂိုးကို အူဘာမီယန် ပွဲချိန် (၇၃) မိနစ်အရောက်မှာ OG သွင်းခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဒီပွဲစဉ်ရှုံးနိမ့်ခဲ့တာကြောင့် အိမ်ကွင်းရှုံးပွဲ (၄) ပွဲအထိရှိလာခဲ့ပြီဖြစ်ပါတယ်။
မန်ချက်စတာအတွက် (၁၀၀၀) ရာခိုင်နှုန်း ပေးဆပ်ထားတယ်လို့ပြောလာတဲ့ ပေါ့ဘာ

Source: Business Insider
အသင်းပြောင်းဖို့အတွက် သတင်းတွေထွက်နေတဲ့ မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာက သူဟာ အသင်းအတွက် (၁၀၀၀) ရာခိုင်နှုန်းအထိ ပါဝင်ပေးဆပ်ထားတယ်လို့ ပြောလာပါတယ်။
အဆိုပါ အသက် (၂၇) နှစ်အရွယ် ပြင်သစ်ကွင်းလယ်ကစားသမားနဲ့ အေးဂျင့်ဖြစ်သူ ရိုင်အိုလာတို့ဟာ မန်ယူအသင်း ကိုစွန့်ခွာမယ်လို့ မကြာခဏပြောဆိုနေတာပါ။ ရိုင်အိုလာကတော့ ကစားသမားဟာ ဇန်နဝါရီလမှာ အသင်းပြောင်းတော့မယ်လို့ အတိအလင်းပြောကြားထားပါတယ်။
ပေါ့ဘာကတော့ အင်စတာဂရမ်ပေါ်မှာ “ကျွန်တော် ဘယ်မှသွားချင်တဲ့ စိတ်မရှိသေးပါဘူး။ ကျွန်တော် အသင်းအတွက် အမြဲတမ်းတိုက်ခိုက်ပေးခဲ့တယ်။ ဆက်ပြီးတော့လည်း တိုက်ခိုက်ပေးအုန်းမှာပဲ။ ကောလဟလအသင်းတွေကအရေးမကြီးပါဘူး။ အခုလောလောဆယ်တော့ အသင်းအတွက် ကျွန်တော (၁၀၀၀) ရာခိုင်နှုန်းအထိ ပါဝင်ပေးဆပ်ထားပါတယ်။” လို့ရေးသားထားပါတယ်။
အာဂူရို နေရာမှာ အစားထိုးဖို့ ဟာလန်းကို ခေါ်ယူချင်နေတဲ့ မန်စီးတီး

Source: T13
မန်ချက်စတာစီးတီးအသင်းဟာ အာဂျင်တီးနား တိုက်စစ်မှူး အာဂူရို နေရာတွင် အစားထိုးနိုင်ရန်အတွက် ဟာလန်းကို ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။
အာဂူရိုဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သစ်ကိစ္စအတွက် ဆွေးနွေးခြင်းမရှိသေးတာကြောင့် အသင်းဖက်က အခုလိုပဲ ကစားသမားအသစ်ခေါ်ယူဖို့ ဖြစ်လာတာပါ။
ဟာလန်းရဲ့ စာချုပ်လျှော်ကြေးဟာ (၂၀၂၂) ခုနှစ်ရောက်မှသာကုန်ဆုံးမှာဖြစ်တာကြောင့် ဒေါ့မွန်အသင်းကတော့ သူတို့ရဲ့ ကစားသမားကို ရောင်းချဖို့အတွက် ဖိအားမရှိဘူးလို့လည်းသိရပါတယ်။
အယ်လီကို ခေါ်ယူမယ့် PSG

Source: Sports Al Dente
ပြင်သစ်ထိပ်သီးကလပ် PSG ဟာ စပါးအသင်းတွင် ပွဲကစားခွင့်ရရန် ရုန်းကန်နေရတဲ့ အင်္ဂလန်ကွင်းလယ်လူ အယ်လီ (၂၄ နှစ်) ကို လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြထားပါတယ်။
