အလုပ်တွေ ဇယ်ဆက်သလို လုပ်နေရသူအဖို့ လူပန်းစိတ်ပန်းဖြစ်လေ့ရှိတာ ဓမ္မတာပါပဲ။ စိတ်ဖိစီးမှုနဲ့ ဝန်ပိတာ ကြာလာတာနဲ့အမျှ ကိုယ့်ရဲ့ လုပ်ငန်းခွင် ၊ မိသားစုနဲ့ ဆက်ဆံရေးပိုင်းပါ ပြဿနာရှိလာနိုင်ပါတယ်။ ဒါကြောင့် ရသမျှအချိန်မှာ စိတ်ပင်ပန်းမှုကို သက်သာအောင် ကုစားဖို့ နည်းလမ်းရှာရမှာ ဖြစ်ပါတယ်။

စိတ်ဖိစီးမှုကို ရင်ဆိုင်ရာမှာ ရက်ပေါင်းများစွာကြာ‌အောင် ခွင့်ယူပြီး အနားပေးရတာမျိုးအထိ ရှိတတ်ပါတယ်။ ဒါကလည်း နေ့တိုင်းမှာ စိတ်ဖိစီးမှုကို ကောင်းကောင်းမကိုင်တွယ်နိုင်လို့ (ဒါမှမဟုတ်) မကုစားခဲ့လို့ ဖြစ်ပါတယ်။ နေ့တိုင်း နေ့တိုင်းမှာ စိတ်ဖိစီးမှုက ကိုယ့်ကို လွှမ်းမိုးမသွားခင် ရသမျှ အချိန်လေးအတွင်းမှာ ကုစားပေးရမှာပါ။

Photo: Freepik

တကယ်လို့ ၅ မိနစ်လောက်ပဲ အချိန်အအားရတယ် ဆိုပါစို့။ အဲ့ဒီ ၅ မိနစ်မှာ သင်ဟာ အလုပ်စားပွဲမှာ ဖြစ်နိုင်ပါတယ်။ ဒါဆို ကွန်ပျူတာရှေ့ ၊ လုပ်လက်စ စာရွက်စာတမ်းတွေရှေ့ကနေ ခဏခွာလိုက်ပါ။ လူရှင်းတဲ့တစ်နေရာမှာ မတ်တပ်ရပ် အကြောလျှော့ပြီး အသက်ကို ပြင်းပြင်းရှုသွင်းပေးပါ။

တကယ်လို့ အလုပ်မှာ မဟုတ်ဘူး ဘတ်စ်ကား‌စောင့်နေရတယ် ၊ အင်တာဗျူးဖြေဖို့ စောင့်နေရတဆိုရင် မျက်လုံးတွေ ခဏမှိတ်ထားပြီး အသက်ရှုမှုကို သတိကပ်ပြီး အားပါးတရရှုသွင်းရှုထုတ်လုပ်ပါ။ စိတ်ကို ဗလာကျင်းထားပြီး တိတ်ဆိတ်သွားအောင် နေကြည့်ပါ။ ၄-၅ မိနစ်လောက်အကြာမှာ စိတ်သက်သာရာရသွားပါလိမ့်မယ်။

အချိန်နည်းနည်း ပိုရမယ်ဆိုရင်တော့ ခေါင်းရှင်းဖို့ ပိုပြီး လွယ်ပါတယ်။ ဆိုပါတော့ ။ ၁၅ မိနစ် Break Time ရတယ်ဆိုရင် ခေါင်းထဲမှာ အလုပ်ကိစ္စတွေအကြောင်း ထုတ်ထားလိုက်ပါ။ နည်းနည်း ဆိတ်ငြိမ်ပြီး အာရုံစိုက်လို့ကောင်းမယ့် တစ်နေရာမှာ ခဏလောက် ထိုင်နေပါ။ စိမ်းလန်းတဲ့ သစ်ပင်နဲ့ မြက်ခင်းတွေ မြင်ရတဲ့နေရာမျိုးဆို ပိုကောင်းပါတယ်။

ဒီအတိုင်း ငြိမ်ငြိမ်လေး ထိုင်နေပြီး ပတ်ဝန်းကျင်သဘာဝတရားကြီးရဲ့ ဖြစ်စဉ်ကို စောင့်ကြည့်နေလိုက်ပါ။ စိတ်ဟာ ပိုပြီး စုစည်းမိလာပြီး ခံစားချက်တွေ ပိုကောင်းစေမယ့် Endorphins တွေ ထွက်လာနိုင်ပါတယ်။ တကယ်လို့ ဘေးမှာ သူငယ်ချင်းမိတ်ဆွေတွေ ရှိရင် ပေါ့ပေါ့ပါးပါး အကြောင်းတွေ ပြောနိုင်ပါတယ်။

Photo: Freepik

အရေးကြီးတာက စိတ်ကို ဝန်ဖြစ်စေတဲ့ အရာတွေကနေ ခဏဘေးထွက်ထိုင်ပြီး ကိုယ့်ကိုယ်ကိုယ် စိတ်သစ်ပြန်မွေးဖို့ ဖြစ်ပါတယ်။ နာရီအနည်းငယ်လောက် အချိန်ရရင် လမ်းလေးဘာလေးလျှောက် ၊ နှစ်သက်ရာစာအုပ်တစ်အုပ်ဖတ် ၊ လေ့ကျင့်ခန်းပေါ့စားလေးတွေ လုပ်ပြီး နောက်ကျိနေတဲ့စိတ်ကို ရှင်းနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် Stress တွေကတော့ ကျွန်တော်တို့ နေ့စဉ်ဘဝမှာ အမြဲပါဝင်နေမှာပါ။ ကျွန်တော်တို့ဟာ စိတ်ဖိစီးမှုနဲ့ အဆင်ပြေပြေ နေနိုင်မှသာ ဘဝကို ပိုပြီး ပျော်ရွှင်တက်ကြွစွာ ဖန်တီးနိုင်မှာ ဖြစ်တယ်ဆိုတာ မမေ့သင့်ပါဘူး။