သူဌေးကြီးဖြစ်ချင်ရင် သိန်းနဲ့ သန်းနဲ့ချီတဲ့ ငွေအရင်းအနှီးတွေနဲ့ လုပ်ငန်းထောင်ရမယ်လို့ပဲ တွေးထားရင် မှားပါလိမ့်မယ်။ ချမ်းသာဖို့အတွက် တရားသေနည်းလမ်းမရှိပေမယ့် တကယ်ချမ်းသာသွားတဲ့သူတွေဟာ သူတို့ကို ကြီးပွားချမ်းသာစေတဲ့အလုပ်ကို စလုပ်ချိန်မှာ လက်ထဲ ငွေပင်ငွေရင်း နည်းနည်းလေးလောက်ပဲ ရှိတတ်ကြပါတယ်။
လူအများစုဟာ ငွေထက်အရေးကြီးတဲ့ အင်အားတွေကို မေ့နေတတ်ပါတယ်။ ချမ်းသာကြီးပွားသွားသူတွေမှာ ငွေကြေးထက် စွမ်းအားကြီးတဲ့ လက်နက်ကောင်းတွေ ရှိထားကြပါတယ်။ ချမ်းသာကြီးပွားစေဖို့ လူအများစု သတိမထားဖြစ်ကြတဲ့ အရာတွေက ဘာတွေ ဖြစ်မလဲ။
(၁) စိတ်ဓါတ်ခွန်အား

Photo: Freepik
ဇွဲ ၊ လုံ့လ ၊ ဝီရိယနဲ့ သံဓိဌာန်ထက်သန်မှုဆိုတာ ငွေစက္ကူတွေထက် ပိုပြီး အဖိုးထိုက်တန်ပါတယ်။ အကြောင်းက ငွေဆိုတာ မဆင်မခြင် သုံးစွဲရင် အလွယ်လေးနဲ့ ကုန်ဆုံးတတ်ပြီး ဇွဲ နဲ့ စိတ်ဓါတ်အင်အားက သုံးလေလေ ကိုယ့်ကို အောင်မြင်ကြီးပွားစေလေလေ ဖြစ်လို့ပါပဲ။ ချမ်းသာဖို့အတွက် လက်ထဲ ပိုက်ဆံတစ်ပြားမှ မရှိသေးလဲ ယောင်္ကျားကောင်းတစ်ယောက်ရဲ့ ဇွဲလုံ့လနဲ့ သတ္တိထက်သန်ရင် ဖြစ်မြောက်အောင်မြင်ပါတယ်။
(၂) မိတ်ဆွေ

Photo: Freepik
တကယ်ချမ်းသာသူဟာ လူတွေကို တကယ်ပေါင်းသင်းတတ်တဲ့သူထဲမှာ ပါပါတယ်။ ကိုယ့်ဒူးကိုယ်ချွန်ချမ်းသာလာတဲ့သူတွေမှာတောင် သူတို့ကို ကြီးပွားအောင် နှုတ်အား/လက်အားနဲ့ ဆောင်မ ခဲ့တဲ့ မိတ်ဆွေတွေရှိပါတယ်။ မိတ်ဆွေကောင်းတွေရှိခြင်းကလည်း ပိုက်ဆံထက် ပိုကြီးတဲ့ အရင်းအနှီးကောင်း ရထားတာပဲ ဖြစ်ပါတယ်။
(၃) ငွေကြေးစည်းကမ်း

Photo: Freepik
စည်းစနစ်ကောင်းခြင်းဟာ ခိုင်မာတဲ့ တိုးတက်မှုဖြစ်ပေါ်လာဖို့ အရေးကြီးဆုံးအရည်အချင်းတစ်ရပ် ဖြစ်ပါတယ်။ ချမ်းသာချင်ရင် ငွေကို ရိုသေလေးစားရပါမယ်။ အသုံးနဲ့ အဖြုန်း ခွဲခြားနားလည်ပြီး ရေတို/ရေရှည် အကျိုးများမယ့် စီးပွားရေးစီမံကိန်းတွေမှာ ရင်းနှီးမြှပ်နှံရပါမယ်။ စုဆောင်းသိုမှီးခြင်း ၊ ထိုက်သင့်သလို ပေးကမ်းချီးမြှောက်ခြင်းနဲ့ ငွေကို သိက္ခာတင်ရပါမယ်။
(၄) အဆက်မပြတ်သင်ယူခြင်း

Photo: Freepik
ဘယ်တက္ကသိုလ်မှ မတက်ခဲ့ရရင် နေပါစေ။ သင်ယူလိုစိတ်နဲ့ အမြဲသင်ယူနေဖြစ်ရင် ပညာအမြင်ရင့်သန်တဲ့သူ ဖြစ်နိုင်ပါတယ်။ ပညာသင်ခြင်းရဲ့ အနှစ်သာရဟာ ပိုက်ဆံရှာဖို့ ဆိုတာထက် ပိုပါတယ်။ ဒါကြောင့်ပဲ ဘီလျံနာကြီးတွေဟာ ဘယ်လောက်ပဲ ချမ်းသာနေပါစေ။ စာအုပ်စာပေတွေ ဖတ်ရှုခြင်း ၊ ပညာရှင်တွေနဲ့ ဆွေးနွေးခြင်းတွေ လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဒါကို အတုယူပါ။ တစ်နေ့ ချမ်းသာလာပါလိမ့်မယ်။
