ပစ္စည်းတွေများများဝယ်ရင် လျှော့ဈေးနဲ့ ရလေ့ရှိပါတယ်။ တစ်ချို့တွေကတော့ ပစ္စည်းတွေကို လိုအပ်မှသာဝယ်ကြပြီး အများကြီးဝယ်ပြီးသိုလှောင်ထားတာကိုလည်း ငွေကြေးဖြုန်းတီးတယ်လို့ ယူဆကြတယ်။ ဒါပေမယ့်တစ်ချို့ပစ္စည်းတွေကျတော့ လိုအပ်မှဝယ်တာမျိုးမဟုတ်ဘဲ ပိုက်ဆံရှိတုန်းလေး များများဝယ်ပြီး သိုလှောင်ထားသင့်ပါတယ်။ ဒီနေ့တော့ များများဝယ်ပြီး သိုလှောင်ထားသင့်တဲ့ ပစ္စည်းတွေကို ဖော်ပြပေးသွားမှာပါ။
အိမ်သာသုံး တစ်ရှူး

အိမ်သာသုံး တစ်ရှူးကတော့ အိမ်တိုင်းမှာ လိုအပ်ပါတယ်။ အိမ်သာထဲဝင်နေပြီးမှ တစ်ရှူးမရှိတဲ့ အဖြစ်မျိုးသင်ကြုံချင်မှာမဟုတ်ပါဘူး။ ပြီးတော့ များများဝယ်ပြီးစုထားပေမယ့် အချိန်အကြာကြီး ခံပါတယ်။
ထောပတ်

လူတော်တော်များများက မနက်စာကိုပေါင်မုန့် ထောပတ်သုပ်ပြီးစားကြလေ့ရှိပါတယ်။ တစ်ချို့ အိမ်ရှင်မတွေက ထောပတ်ကို ဟင်းချက်တဲ့နေရာမှာ ထည့်သွင်းအသုံးပြုကြလေ့ရှိတယ်။ ထောပတ်ဆိုတဲ့အရာက အကြာကြီးအထားခံတာမို့ များများဝယ်ပြီး သိုထားတာက သင့်အတွက် ပြဿနာမရှိပါဘူး။
ဓာတ်ခဲ

ဓာတ်ခဲကတော့ အရန်အနေနဲ့ များများသိုထားတာက အကောင်းဆုံးပါ။ တီဗီကြည့်မယ်လုပ်မှ တီဗီရီမု အားကုန်နေတဲ့အဖြစ်မျိုး သင်ကြုံဖူးမယ်ထင်ပါတယ်။ ဒီလိုအချိန်မှာ အိမ်ပြင်ထွက်ပြီး ဓာတ်ခဲသွားဝယ်ချင်မှာမဟုတ်ပါဘူး။ မီးအိမ်တွေကိုလည်း ဓာတ်ခဲအသုံးပြုလို့ရတဲ့အမျိုးအစားကို ရွေးချယ်ဝယ်ယူဖို့ အကြံပေးချင်ပါတယ်။ တစ်ခါတစ်လေ မီးပျက်ကာလကြာမြင့်တဲ့အချိန်တွေမှာ မီးအားကုန်သွားပါက ဓာတ်ခဲထည့်ပြီး အသုံးပြုလို့ရအောင်လို့ပါ။
အဝတ်လျှော်ဆပ်ပြာ

အဝတ်လျှော်တဲ့အလုပ်ကို ဘယ်သူမှမကြိုက်ကြပေမဲ့ နေ့တိုင်းနီးပါး ဒီအလုပ်ကို လုပ်ဖြစ်ကြပါတယ်။ အဝတ်ကို အဝတ်လျှော်စက်နဲ့ပဲလျှော်လျှော်၊ လက်နဲ့ပဲလျှော်လျှော် အဝတ်လျှော်နေတုန်း ဆပ်ပြာမှုန့်ကုန်သွားရင် ပိုပြီးစိတ်ပျက်စရာကောင်းပါတယ်။ အဲဒီအခါမျိုးမှာ အဝတ်လျှော်လက်စနဲ့ ဆိုင်ကိုပြေးဝယ်ရမှာဖြစ်ပါတယ်။ အဲဒီလိုတွေမဖြစ်ရအောင် အဝတ်လျှော်ဆပ်ပြာကို အရေအတွက်များများ ဝယ်ထားတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
သွားတိုက်တံ/ သွားတိုက်ဆေး

အိပ်ရာထပြီး သွားတိုက်မလို့လုပ်ခါမှ သွားတိုက်ဆေးကုန်နေတာ သိလိုက်ရတဲ့အခါမျိုးတွေ ရှိတတ်ပါတယ်။ အဲဒီလိုဖြစ်လာရင် သွားတိုက်ခါနီးမှ အခက်ကြုံရပြီပေါ့။ မနက်အစောကြီးဆို ဆိုင်တွေကလည်း မဖွင့်ကြသေးတဲ့အတွက် သွားဝယ်ဖို့လည်း အဆင်မပြေနိုင်ပါဘူး။ သွားတိုက်ဆေးကို အရေအတွက်များများ ဝယ်ထားမယ်ဆိုရင် ဒီလိုပြဿနာမျိုးတွေ မဖြစ်နိုင်ပါဘူး။
Source: Bright Side
