အင်္ဂလန်မှာ ယမကာသောက်ရင် ရေခဲထည့်သောက်လေ့ မရှိတာ အလေ့အထတစ်ခုလို ဖြစ်နေပါတယ်။ Pubs လို့ ခေါ်ကြတဲ့ အရက်ဆိုင်အများစုကို ဝင်သွားရင် Gin နဲ့ Tonics လုပ်ဖို့အတွက် အရည်ပျော်နေတဲ့ ရေခဲခွက်ပဲ သုံးတာ တွေ့ရပါလိမ့်မယ်။ အမေရိကန်တွေကတော့ အရက်ခွက်ထဲ ရေခဲအပြည့်နဲ့ ထည့်သောက်လေ့ ရှိပါတယ်။

Photo: insidehook

သိတဲ့အတိုင်းပါပဲ။ အင်္ဂလန်နဲ့ အမေရိကန်ဟာ အင်္ဂလိပ်စကားပြောကြပေမယ့် လေယူလေသိမ်းနဲ့ တချို့ အသုံးအနှုန်းတွေလည်း ကွဲပြားကြပါတယ်။ ကားမောင်းတာကအစ အင်္ဂလန်နဲ့ အမေရိကန်ဟာ ဘယ်မောင်း/ညာမောင်း ကွာကြပါတယ်။ အခုပြောတဲ့ အရက်သောက်ရင် ရေခဲသုံးခြင်း ၊ မသုံးခြင်း အစဉ်အလာက ၁၉ ရာစုမှာ စတင်ခဲ့တယ်လို့ ဆိုပါတယ်။

၁၈ ရာစုနဲ့ ၁၉ ရာစုတွေဆိုတာ အခုခေတ်လို ရေခဲသေတ္တာတွေနဲ့ ရေခဲစက်တွေ ပေါ်သေးတာ မဟုတ်ပါဘူး ။ ရေခဲတွေကို မြောက်အမေရိကတို့ ကနေဒါတို့က ဆောင်းတွင်းရေကန်တွေ ခဲနေတဲ့အချိန် ရေခဲတုံးကြီးတွေ ဖြတ်တောက်ပြီး Ice Houses လို့ ခေါ်ကြတဲ့ ရေခဲတွေ လနဲ့ချီ ထားနိုင်မယ့် နေရာတွေဆီ ပို့ရတာပါ။

အဲ့တုန်းက ချားလ်စ်တန် နဲ့ ဆဗားနားတို့လို ဆိပ်ကမ်းမြို့တွေဟာ အကြီးဆုံး Ice Houses ထားရာ မြို့တွေ ဖြစ်ပါတယ်။ အဲ့ဒီမြို့တွေကမှ အတ္တလန်တိတ်သမုဒ္ဓရာကို သင်္ဘောနဲ့ ဖြတ်ပြီး အင်္ဂလန်က စတိုးဆိုင်ကြီးတွေဆီ ဈေးကြီးကြီးနဲ့ တင်ပို့ရောင်းချတာ ဖြစ်ပါတယ်။ ဒီတော့ ဗြိတိန်မှာ လူတိုင်း ရေခဲဝယ်မသုံးနိုင်တော့ဘဲ အထက်တန်းလွှာက လူတွေအတွက်ပဲ ဇိမ်ခံပစ္စည်းလို ဖြစ်လာတာပါ။

Photo: thespruceeats

ဗြိတိန်မှာ သောက်စရာထဲ ရေခဲထည့်တတ်ခြင်းဟာ လူချမ်းသာအသိုင်းအဝိုင်းအတွက် ဖက်ရှင် ဖြစ်လာပါတယ်။ ဗစ်တိုးရီးယားခေတ် အထက်တန်းလွှာ ပါတီတွေမှာ အဖျော်ယမကာနဲ့ ရှန်ပိန်တွေထဲမှာ ရေခဲတုံးတွေ ထည့်သောက်လာကြပါတယ်။ ဈေးကြီးလွန်းလို့ အဲ့ဖက်ရှင်လည်း နောက်တော့ ပျောက်သွားကြတာပါပဲ။

နောက်ပိုင်း ဗြိတိန်မှာ ရေခဲဗူးတွေ ရောက်လာပြီး လူတိုင်း ရေခဲသုံးနိုင်ချိန်မှာတောင် ရေခဲကို သောက်စရာထဲ ထည့်သောက်ရတာကို မကြိုက်ကြတော့ပါဘူး။ ဒီတော့ ဗြိတိန်တွေ ပုံမှန်အခန်းအပူချိန်ပဲ ရှိတဲ့ Tap Water သောက်တာ အံ့ဩစရာတော့လည်း မဟုတ်တော့ပါဘူး။