Relationship တစ်ခုရဲ့အဆုံးသတ်မှာ ချန်ထားခဲ့သူထက် ကျန်ရစ်ခဲ့သူကပိုပြီး ခံစားရတယ်လို့ ပြောကြပါတယ်။ အများစုကတော့ ခံစားမနေနဲ့ မေ့ပစ်လိုက်လို့ ပြောတက်ကြပေမယ့် ကာယံကံရှင်ကိုယ်တိုင်မှာတော့ ပါးစပ်ကပြောသလို လွယ်လွယ်မေ့ပစ်နိုင်ဖို့ ခက်ခဲတာအမှန်ပါ။
ဒီဆောင်းပါးလေးမှာတော့ ကိုယ့်အပေါ် နာကျင်စရာတွေပေးခဲ့တဲ့ အတိတ်ကချစ်သူဟောင်းကို လိမ်မာပါးနပ်စွာ မေ့ပစ်နိုင်ဖို့ ထိရောက်မှုရှိပြီး လက်တွေ့ဆန်တဲ့ အကြုံပြုချက်တစ်ချို့ကို မျှဝေပေးချင်ပါတယ်။
(၁) မသိစိတ်ရဲ့လွှမ်းမိုးခြင်းမခံပါနဲ့

Source : Crossing Genres
လူတစ်ယောက်ကို ကောင်းကောင်းမေ့ပစ်နိုင်ဖို့ဆိုတာ ကိုယ့်အတွေးတွေနဲ့ စိတ်ဝိညာဉ်တွေထဲကပါ အဲ့ဒီလူနဲ့ ပတ်သတ်သမျှအရာအားလုံးကို ဖျောက်ဖျက်ထားဖို့ လိုအပ်ပါတယ်။ သူအဆင်မှပြေလား ငါ့လိုပဲခံစားနေရမလား ဒီအချိန်ဘာတွေလုပ်နေမလဲ ဘယ်သူနဲ့ရှိနေ စသည်ဖြင့် သူနဲ့ပတ်သတ်တဲ့အကြောင်းတွေကိုပဲတွေးနေမိပြီး မသိစိတ်ရဲ့ လွှမ်းမိုးခြင်းကိုခံထားရပြီဆိုရင် မေ့ပျောက်ဖို့ ပိုမိုခက်ခဲသွားပါလိမ့်မယ်။ အကောင်းဆုံးကတော့ သူ့ကိုသတိရစေမယ့် အရာတွေအားလုံးကို တက်နိုင်သမျှရှောင်ကျဉ်လိုက်ပါ။
(၂) နေထိုင်မှုပုံစံကိုပြောင်းလဲပါ

Source : Entrenador Personal
အရင်ကကိုယ့်အနားမှာ အဆိုးအကောင်းကို မျှဝေခံစားပေးနိုင်မယ့် ချစ်သူတစ်ယောက်ရှိခဲ့ပေမယ့် လက်ရှိမှာတော့ သင်တစ်ယောက်တည်းဖြစ်သွားပြီဆိုတာကို အရင်ဆုံးလက်ခံဖို့လိုပါတယ်။ ဒီလိုတွေးတာဟာ ဝမ်းနည်းစရာကောင်းပေမယ့် အမှန်တရားဆိုတာတော့ မေ့ထားလို့မရပါဘူး။ အခုချိန်ကစပြီး သင့်ကိုသင်သာ အားကိုးရမှာပါ။
ဒါကြောင့် သင့်အနေနဲ့ ခေါက်ရိုးကျိုးနေတဲ့ နေထိုင်မှုပုံစံထဲက ထွက်ပြီး သင့်ကိုသင် ပိုမိုကျန်းမာအောင် စိတ်ဓာတ်ပိုမိုကြံ့ခိုင်အောင် ကိုယ်တိုင်ပြုပြင်ပြောင်းလဲဖို့လိုလာပါပြီ။ နေ့တိုင်း အားကစား တစ်ခုခုလုပ်ဆောင်တာမျိုး အစားအသောက်ကိုသေချာရွေးချယ်စားတာမျိုး အိပ်ချိန်တွေဂရုစိုက်တာမျိုး စသည်ဖြင့် ပြောင်းလဲမှုအသစ်တွေနဲ့ ကိုယ့်ကိုယ်ကို ပြန်လည်တည်ဆောက်ရမှာဖြစ်ပါတယ်။
(၃) ပြတ်သားတက်ပါစေ

Source : AOR Distribution
ကိုယ့်ကိုနာကျင်စရာတွေပေးခဲ့သူ့ကို ဆက်ပြီးမျှော်လင့်တောင်းတနေမိတဲ့အထိ ပျော့ညံ့နေသေးတယ်ဆိုရင် ဒီနေ့ကစပြီး ပြတ်သားတဲ့ စိတ်ကိုမွေးလိုက်ပါ။ သင့်စိတ်ကို ယိုင်သွားစေမယ့် အတိတ်က အမှတ်တရဖြစ်စရာ ဓာတ်ပုံဟောင်းတွေ စာတိုတွေ အမှတ်တရပစ္စည်းတွေအားလုံးကို လွင့်ပစ်လိုက်ပါ။
အကယ်၍ ချစ်သူဟောင်းနဲ့ တစ်ရုံးတည်းအလုပ်လုပ်နေရတဲ့သူတွေအနေနဲ့ အလုပ်ပြောင်းသင့်တယ် ထင်ရင်ပြောင်းလိုက်ပါ။ ပြတ်သားခြင်းက တစ်ခါတစ်လေမှာ ရက်စက်တယ် ခံစားချက်မဲ့တယ် ထင်ရပေမယ့် သင့်ခံစားနေရတဲ့ လက်ရှိဝေဒနာတွေကို လျော့ချသက်သာစေဖို့ များစွာအထောက်အကူပြုပြီး သင့်ချစ်သူဟောင်းကိုမေ့ပစ်နိုင်ဖို့လည်း ကူညီပေးပါတယ်။
(၄) ကိုယ့်ကိုယ့်ကို ပျော်အောင်ထားပါ

Source : Medium
တစ်ချိန်က ရင်းရင်းနှီးနှီးရှိခဲ့တဲ့လူတစ်ယောက်ကို အချိန်တိုအတွင်း မေ့ပစ်နိုင်ဖို့ခက်ခဲတယ်ဆိုတာ မှန်ပါတယ်။ အနည်းဆုံးတော့ သင့်ခံစားချက်တွေလျော့ကျသွားတဲ့အထိ လုံလောက်တဲ့အချိန်တစ်ခုယူရမှာပါ။ ဒီလို ကိုယ့်ကိုယ့်ကို ပြန်လည်တည်ဆောက်နေတဲ့အချိန်အတွင်းမှာ ကိုယ့်ကိုယ့်ကို အချိန်ပေးပါ။ ပျော်ရွှင်အောင်ထားပါ။
ကိုယ့်ကိုနားလည်ပေးနိုင်မယ့် သူငယ်ချင်းတွေနဲ့ တွေ့ဆုံပါ။ ခရီးတစ်ခုထွက်ပစ်လိုက်ပါ။ သင့်ကိုပျော်ရွှင်စေမယ့် ဝါသနာကောင်းလေးတွေလုပ်ဆောင်ကြည့်ပါ။ တိုက်ဆိုင်မှုရှိလာလို့ အရမ်းလွမ်းလာတဲ့အချိန်တွေဆို သင့်ရဲ့ခံစားချက်တွေကို ဒိုင်ယာရီစာအုပ်ထဲမှာချရေးလိုက်ပါ။ မိသားစုဝင်တွေ ကိုအချိန်ပိုပေးပါ။ ကိုယ့်ကိုယ့်ကို အတက်နိုင်ဆုံး အချိန်ပေးပြီး ပျော်ရွှင်အောင်နေကြည့်ပါ။
