ကိုယ်ရည်ကိုယ်သွေးဟာ လူတွေရဲ့ အတွေးအမြင် ၊ လုပ်ရပ်နဲ့ အပြုအမူတွေကို ကွဲပြားစေတဲ့ စံအရည်အသွေးတစ်ခုဖြစ်ပါတယ်။ Personality လို့ ဆိုကြတဲ့ ကိုယ်ရည်ကိုယ်သွေး ကောင်း/ညံ့ ဆိုတဲ့အပေါ် လိုက်ပြီး လူချစ်လူခင်များတဲ့သူ ၊ အပေါင်းအသင်းရှားတဲ့သူ ဖြစ်သွားတတ်ပါတယ်။
ကိုယ်ရည်ကိုယ်သွေးဆိုတာ တစ်နည်းအားဖြင့် ကိုယ့်ဘဝကို ပုံဖော်နေတဲ့ အခြေခံအုတ်မြစ်တစ်ခုဖြစ်လို့ ကိုယ်ရည်ကိုယ်သွေးမြင့်မားဖို့ ကြိုးစားသင့်ပါတယ်။ ကိုယ်ရည်ကိုယ်သွေးမြင့်မားဖို့ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပျိုးထောင်ပြုပြင်နေရတာ ဖြစ်ပါတယ်။ အခုပြောမယ့်နည်းလမ်းလေးတွေက ကိုယ်ရည်ကိုယ်သွေး ပိုကောင်းအောင် ပံ့ပိုးပေးပါလိမ့်မယ်။
(၁) စကားအရာ လိမ္မာပါစေ

Photo: Freepik
စကားပြောကောင်းသူတစ်ယောက် ၊ တစ်ဖက်သားပြောသမျှကို သေချာနားလည်အောင် နားထောင်တတ်သူတစ်ယောက် ဖြစ်ဖို့ ကြိုးစားပါ။ ဒါဟာ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ အရေးကြီးတဲ့ အခြေခံအဆင့်ဖြစ်ပါတယ်။ စကားကို နှစ်လိုဖွယ်ဖြစ်အောင် ပြောတတ်ဖို့ လိုသလို အကျိုးသင့်အကြောင်းသင့် အချိန်အခါသင့်ပြောတတ်ဖို့လည်း အရေးကြီးပါတယ်။ ပိုအရေးကြီးတာက သူတစ်ပါးရဲ့ စကားကိုလည်း နားလည်အောင် စိတ်သဘောထားမှန်မှန်နဲ့ နားထောင်တတ်ဖို့ ဖြစ်ပါတယ်။
(၂) စာဖတ်ပါ။ ဉာဏ်ချဲ့ပါ

Photo: Freepik
အသိပညာကို ဘယ်တော့မှ အိပ်ရာမဝင်စေပါနဲ့။ ကိုယ်ရည်ကိုယ်သွေးကောင်းရမယ်လို့ သံဓိဌာန်ပြုထာတဲ့သူတစ်ယောက်အတွက် အရေးတကြီး ဦးစားပေးလုပ်ရမယ့်အချက်က ကိုယ့်ရဲ့ စိတ်ဝင်စားမှုနယ်ပယ်ကို မြှင့်တင်ဖို့နဲ့ ကိုယ့်ရဲ့အသိဉာဏ်ပညာကို အမြဲတမ်း တိုးချဲ့သွားဖို့ ဖြစ်ပါတယ်။ လူဟာ အသိဉာဏ်တကယ်ရင့်သန်လာရင် ကိုယ်ရည်ကိုယ်သွေးကနေ ပင်ကိုယ်အရည်အချင်း ဖြစ်လာတာပါပဲ။
(၃) လူတွေနဲ့ စကားပြောပါ။ တွေ့ဆုံပါ

Photo: Freepik
လူတွေနဲ့ တွေ့ရမှာ မကြောက်ပါနဲ့။ ကိုယ့်အမြင်ကို စင်ပေါ် တက်ပေါ်ရမှာ မလန့်ပါနဲ့။ လူတွေနဲ့ များများတွေ့ပါ။ ကောင်းမြတ်ပြီး ထက်မြက်ကြီးကျယ်တဲ့ သူတွေနဲ့ တွေ့နိုင်ရင် ပိုကောင်းပါတယ်။လူတွေဟာ သင့်ဘဝထဲက နည်းပြဆရာတွေ ဖြစ်ပါတယ်။ ကောင်းတဲ့သူနဲ့ တွေ့တဲ့အခါ ကောင်းတဲ့အကျင့်ကို အတုယူနိုင်ပြီး မကောင်းတဲ့သူနဲ့ တွေ့တဲ့အခါ ဘာကို ရှောင်ရမလဲ သိသွားပါလိမ့်မယ်။
(၄) ပင်ကိုယ်အရည်အချင်းကောင်းတွေ ဖော်ထုတ်ပါ

Photo: Freepik
ဘယ်သူ့စရိုက်ကိုမှ ပုံတူကူးမချလိုက်ပါနဲ့။ တခြားသူတွေဆီက ကောင်းတဲ့အချက်တွေကို ကိုယ့်ဘဝမှာ အသုံးချပါ။ ကိုယ့်ရဲ့ ပင်ကိုယ်စရိုက်လက္ခဏာထဲက ထူးခြားပြီး စစ်မှန်တဲ့အရာတွေကိုတော့ ကိုယ့်ဘဝရဲ့ မီးရှုးတန်ဆောင်လို အမြဲမြင့်မြင့် မြှောက်ထားပါ။
(၅) တခြားသူတွေကို ကူညီစောင်မတတ်ပါစေ

Photo: Freepik
လူ့အဖွဲ့အစည်းမှာ အတ္တကြီးတဲ့သူနဲ့ ပရဟိတစိတ်ရှိသူတွေကို အချိုးချကြည့်မယ်ဆိုရင် မယုံနိုင်အောင် မတန်မဆ ကွာဟနေတာ တွေ့ရပါလိမ့်မယ်။ ကိုယ်ရည်ကိုယ်သွေးကောင်းတဲ့သူဆိုတာ ပိုက်ဆံတွေ အများကြီးရှာနိုင်တဲ့သူကို ဆိုလိုတာ မဟုတ်ပါဘူး။ ကိုယ်တိုင်က တန်ဖိုးရှိတဲ့သူတစ်ယောက် ဖြစ်သလို သူနေထိုင်ရှင်သန်ခဲ့တာ ခေတ်ကြီးနဲ့ လူ့လောကအသိုင်းအဝိုင်းအတွက် စွမ်းနိုင်သမျှ စွမ်းတဲ့ဘက်ကနေ အုတ်တစ်ချပ် သဲတစ်ပွင့်ဖြစ်ခဲ့သူကို ပြောတာပဲ ဖြစ်ပါတယ်။
ဒါကြောင့် ရိုးဖြောင့်ပါ။ လူတွေကို တတ်အားသမျှ ကူညီပါ။ အကောင်းမြင်တဲ့စိတ်ကို ရှင်သန်ကြီးထွားအောင် စောင့်ရှောက်ပါ။ ဒီနည်းတွေနဲ့ ပိုပြီး ကိုယ်ရည်ကိုယ်သွေးကောင်းတဲ့သူ ဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ပုံဖော်ပါလို့ အကြံပေးလိုက်ပါတယ်။
