ဘဝကိုစနစ်တကျဖြစ်အောင်တည်ဆောက်တယ်ဆိုတဲ့နေရာမှာ မကြာခဏဆိုသလိုဦးစားပေးရမယ့်အရာတွေကို မေ့နေတာမျိုးဖြစ်တတ်ပါတယ်။ သင့်ဘဝရဲ့အရေးကြီးတဲ့ ကဏ္ဍတိုင်းကိုဆောင်ရွက်နိုင်ဖို့ဆိုရင်တော့ ပုံစံတစ်ခု ချမှတ်ထားဖို့လိုမှာပါ။ အခုပြောပြမယ့်အချက်လေးတွေက သင့်ဘဝရဲ့အရေးကြီးတဲ့အရာတွေကိုဦးစား ပေးလုပ်ဆောင်နိုင်ဖို့အတွက် အကြံပြုချက် ၅ ချက်ကို ပြောပြပေးမှာဖြစ်ပါတယ်။

(၁) လုပ်စရာရှိတာတွေကို စာရင်းလုပ်ပါ

Source : Mental Floss

တစ်နေ့တာမှာလုပ်စရာရှိတာတွေကိုစာရင်းလုပ်ဖို့ဆိုတာ ကြားဖူးနေကျဖြစ်ပေမယ့် လက်တွေ့မှာအလွန်အသုံးဝင်တဲ့ လုပ်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ နေ့စဉ်လုပ်စရာရှိတာတွေကိုချရေးပြီးတာနဲ့ နောက်သီတင်းပတ်အတွက် သင်လုပ်ချင်တဲ့အရာတွေကို စာရင်းရေးထားပါ။ သင့်အတွက်အရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေကို စာရွက်ပေါ်မှာချရေးလိုက်တဲ့အခါ ဘယ်ကစလုပ်ရမှန်းမသိဘဲစိတ်ရှုပ်နေတာတွေကို သက်သာသွားစေပါလိမ့်မယ်။

(၂) သင့်အတွက်စိတ်အနှောက်အယှက်ဖြစ်စေတဲ့အလုပ်တွေကို အရင်လုပ်ပါ

Source : Medium

သင့်အနေနဲ့ သင့်အတွက်စိတ်ရှုပ်စရာကောင်းတဲ့အလုပ်တွေကို ပထမဦးဆုံးကိုင်တွယ်သင့်ပါတယ်။ ဥပမာ- ငွေစာရင်းရှင်းတမ်းတွေ၊ စာရွက်စာတမ်းနဲ့ ပတ်သတ်တာတွေကို သင်ကသဘောမကျဘူးဆိုရင် ဒီအကြောင်းအရာနဲ့ပတ်သတ်တဲ့အလုပ်တွေကို အရင်ဆုံးဖြေရှင်းသင့်ပါတယ်။ ဒါ့အပြင် သင့်အတွက်အရေးကြီးတဲ့အလုပ်တွေအတွက် အချိန်ပိုပေးနိုင်ဖို့ ဦးစားပေးစာရင်းထဲမှာမပါတဲ့တချို့အရာတွေကိုငြင်းပယ်ဖို့လဲလိုပါတယ်။

(၃) ပြီးပြည့်စုံဖို့စဉ်းစားတာထက် စဉ်ဆက်မပြတ်လုပ်ဆောင်ပါ

Source : Human Resource

ပြီးပြည့်စုံချင်တဲ့သဘောထားက လူတော်တော်များများအတွက်မိမိကိုယ်ကို ရှေ့မရောက်အောင်ဆွဲချနေတဲ့ အကြောင်းအရင်းတခုဖြစ်နိုင်ပါတယ်။ ကိုယ်ကိုယ်တိုင်ချမှတ်ထားတဲ့ လက်တွေ့မကျတဲ့မျှော်လင့်ချက်တွေနဲ့ မကိုက်ညီတဲ့အခါ လက်လျှော့လိုက်တတ်ကြပါတယ်။ သင့်အနေနဲ့ စဉ်ဆက်မပြတ်လုပ်ဆောင်ခြင်းရဲ့အကျိုး ကျေးဇူးကိုနားလည်လာတဲ့အခါ အရေးကြီးတာတွေကိုလက်တွေ့ကျကျလုပ်နိုင်ပြီး ကိုယ့်အတွက်ကိုက်ညီမယ့် အစီအစဉ်တွေကိုချမှတ်လာနိုင်ပါလိမ့်မယ်။

(၄) မလိုအပ်တဲ့အရာတွေကိုဖယ်ထုတ်ပါ

Source : Jera’s Jamboree

သင့်ရဲ့အိမ် သို့ အလုပ်လုပ်တဲ့နေရာကရှုပ်ထွေးနေမယ်ဆိုရင် သင့်စိတ်ကိုလည်းစုစည်းဖို့ခက်နိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာပဲဖြစ်စေ စိတ်ပိုင်းဆိုင်ရာဖြစ်စေ နေရာလပ်ထားပေးသင့်ပါတယ်။ မလိုအပ်တဲ့ပစ္စည်းတွေသာမက သင့်အတွက်အကျိုးမရှိတဲ့အတွေးအခေါ်အယူအဆတွေကိုလဲ သင့်ခေါင်းထဲမှာနေရာမပေးပါနဲ့။ တခါတရံ သင့်ဘဝမှာခံစားရတဲ့ အစီအစဉ်မကျတဲ့လုပ်စရာတွေများပြားလွန်းနေတယ်ဆိုတာဟာ သင့်ပတ်ဝန်းကျင်ကရှုပ်ပွနေတာကြောင့်ဖြစ်နိုင်သလို သင့်ခေါင်းထဲကအတွေးတွေကြောင့်လဲဖြစ်နိုင်ပါတယ်။

(၅) သင့်ရဲ့တိုးတက်မှုကိုတိုင်းတာပါ

Source : Verywell Health

သင့်ရဲ့ရည်မှန်းချက်က သေးသည်ဖြစ်စေ၊ ကြီးမားသည်ဖြစ်စေ သင့်ရဲ့တိုးတက်မှုကိုတိုင်းတာဖို့အရေးကြီးပါ တယ်။ သင့်ရဲ့လုပ်ဆောင်မှုတွေကိုပြန်တိုင်းတာကြည့်တဲ့အခါ ဘယ်အရာကအလုပ်ဖြစ်ပြီး ဘယ်အရာကအလုပ်မဖြစ်ဘူးဆိုတာသိရတဲ့အတွက် သင့်ကိုများစွာအထောက်အကူပြုစေပါတယ်။ ဒါ့အပြင် သင့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကိုရောက်အောင် ကူညီပေးတဲ့လုပ်ဆောင်မှုတွေကိုလဲ သင့်အနေနဲ့အချိန်ပိုပေးနိုင်ပါသေးတယ်။