ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ပီအက်စ်ဂျီ၊ မန်ချက်စတာစီးတီးအသင်းတို့နဲ့ ကောလာဟလတွေ ထွက်ပေါ်နေပေမယ့် အင်တာမီလန်အသင်းကို ပြောင်းရွှေ့ဖို့ ပိုများနေတယ်လို့ သတင်းတွေ သိရပါတယ်။ အသက် ၃၃ နှစ်အရွယ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘာစီလိုနာအသင်းကနေ ထွက်ခွာချင်ကြောင်းနဲ့ အပြောင်းအရွှေ့ပြုလုပ်ခွင့်တောင်းခံခဲ့ပြီး တကမ္ဘာလုံးကို အံ့အားသင့်စေခဲ့သူဖြစ်ပါတယ်။

Photo: sportbible

ဒါပေမယ့်လည်း မက်ဆီက ၎င်းရဲ့ စာချုပ်လျော်ကြေးနဲ့ပတ်သက်ပြီး တရားရုံးအထိ မသွားချင်တာကြောင့် နောက်ထပ်တစ်ရာသီ နူးကမ့်မှာ ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဘလွန်းဒီအော် ၆ ဆုရှင်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ပီအက်စ်ဂျီနဲ့ မန်ချက်စတာစီးတီးတို့ကို ပြောင်းရွှေ့ဖို့ သတင်းတွေအခိုင်အမာထွက်ပေါ်နေခဲ့ပေမယ့် အင်တာမီလန်အသင်းကလည်း ယခုလာမယ့်နွေရာသီမှာ မက်ဆီ ပြောင်းရွှေ့နိုင်တဲ့အသင်းတွေထဲကတစ်သင်းအဖြစ် ပေါ်ထွက်လာခဲ့ပြီဖြစ်ပါတယ်။

ဘာစီလိုနာအသင်းခေါင်းဆောင်မက်ဆီဟာ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်ဖွင့်ချိန်မှာ ပြည်ပကလပ်အသင်းတွေနဲ့ ဆွေးနွေးညှိနှိုင်းခွင့် ရရှိတော့မှာဖြစ်ပြီး စပိန်သတင်းစာ Okdiario ရဲ့ဖော်ပြချက်အရ မက်ဆီဟာ လက်ရှိမှာ စီးတီး သို့မဟုတ် ပီအက်စ်ဂျီတို့ကို ပြောင်းရွှေ့ဖို့ စဉ်းစားသလိုမျိုး အင်တာမီလန်ကိုလည်း စဉ်းစားနေပြီလို့ သိရပါတယ်။

Photo : The Independent

မန်ချက်စတာစီးတီးအသင်းဟာ မက်ဆီနဲ့ ဘာစီလိုနာနည်းပြဟောင်း ပက်ဂွါဒီယိုလာတို့ကို ပြန်လည်ဆုံစည်းပေးချင်နေတာဖြစ်သလို ပီအက်စ်ဂျီကလည်း အာဂျင်တီးနားကြယ်ပွင့်ရဲ့ ညီအစ်ကိုလိုခင်ရတဲ့ အသင်းဖော်ဟောင်း တိုက်စစ်မှူးနေမာနဲ့ ပြန်လည်ဆုံစည်းပေးချင်နေတာဖြစ်ပါတယ်။