ကမ္ဘာကျော်စွန့်ဦးတီထွင်သူတွေဟာ စာဖတ်သန်တဲ့သူတွေ ဖြစ်ပါတယ်။ စာဖတ်ခြင်းဟာ အယ်လ်ဇိုင်းမားရောဂါ ကာကွယ်ပေးနိုင်ပြီး စိတ်ဓါတ်ကျမှုကို သက်သာစေနိုင်တယ်လို့ တွေ့ရှိထားပါတယ်။ အောင်မြင်တဲ့ CEO တစ်ယောက်ဟာ တစ်လကို ပျမ်းမျှ စာအုပ် ၄ အုပ်နဲ့ ၅ အုပ် ပုံမှန်ဖတ်ကြတယ်လို့ ဆိုပါတယ်။ အခုလို စာအုပ်တွေ တစ်ပတ် ၁ အုပ်နှုန်း ဖတ်နိုင်ဖို့အတွက်က သိပ်မခက်တဲ့နည်းလမ်းလေးတွေ ပေးချင်ပါတယ်။

(၁) စာအမြန်ဖတ်နည်း သိပါစေ

Photo: Freepik

အခုခေတ်က သိပ်အချိန်မရတဲ့ခေတ်ဖြစ်လို့ စာကို အမြန်ဖတ်တဲ့ နည်းသိဖို့ လိုပါတယ်။ စာဖတ်တော့မယ်ဆိုရင် ခဲတံနဲ့ ဖြစ်ဖြစ် ဒါမှမဟုတ် လက်ချောင်းလေးနဲ့ ထောက်ပြီးပဲ ဖြစ်ဖြစ် ဖတ်ပါ။ စာကို အပြည့်အစုံမဖတ်ခင် အမြန်ကျော်လွှားဖတ်တဲ့အကျင့်လုပ်ပါ။ Key Words တွေ အဓိက ဦးစားပေးမှတ်သားပါ။ အကျဉ်းချုံးနည်းနဲ့ စာဖတ်ခြင်းအားဖြင့် စာပိုဖတ်ဖြစ်စေနိုင်ပါတယ်။

(၂) အချိန်ဇယားနဲ့ ဖတ်ပါ

Photo: Freepik

စာတစ်အုပ်လုံး တောက်လျှောက်ဖတ်ဖို့ အချိန်မရနိုင်ပါဘူး။ Google Calendar လို tools လေး‌ သုံးပြီးလည်း ကိုယ့်ရဲ့ စာဖတ်ဖို့အချိန်ကို နာရီဝက်တန်သည် ၊ တစ်နာရီတန်သည် အချိန်ဇယားဆွဲပေးသင့်ပါတယ်။ ဥပမာ – အလုပ်မသွားခင် မိနစ် ၂၀ လောက် ၊ ညစာစားပြီး တစ်နာရီလောက် အချိန်ပေးတာမျိုး ဖြစ်ပါတယ်။

(၃) Audio Books တွေ ဖတ်ပါ

Photo: Freepik

မျက်လုံးနဲ့ စာဖတ်ဖို့ မလွယ်ရင် နားနဲ့ စာဖတ်ပါ။ ဘတ်စ်ကားစီးနေတုန်း ၊ အလုပ်လုပ်တုန်းနဲ့ အားကစားလုပ်နေတုန်းမှာ နားကြပ်လေးတပ်ပြီး Audio Book ဖတ်လို့ ရပါတယ်။ ညဘက်အိပ်ခါနီးမှာ Audio Books တွေနဲ့ Podcast လေးတွေ ဖွင့်ထားပြီးလည်း အိပ်နိုင်ပါတယ်။

(၄) စိတ်မဝင်စားတဲ့ စာအုပ် မဖတ်ပါနဲ့

Photo: Freepik

စာအုပ်တစ်အုပ်ကို ကျောင်းစာနဲ့ လုပ်ငန်းခွင် တိုးတက်ရေးအတွက်မှမဟုတ်ရင် စိတ်ပင်ပန်းခံပြီး မဖတ်တာ ကောင်းပါတယ်။ စာအုပ်တွေ များများဖတ်နိုင်ဖို့ဆိုရင် ကိုယ်စိတ်ပါတဲ့ စာအုပ်မျိုးကို ရွေးဖတ်ဖို့က အရေးကြီးပါတယ်။ စာအုပ်အမျိုးအစားထဲမှာ ဝတ္ထုတို ၊ အက်ဆေး ၊ ဝတ္ထုရှည် ၊ အတ္ထုပ္ပတ္တိ ၊ ဆောင်းပါး စသည်ဖြင့် မျိုးစုံရှိပါတယ်။ ဘာပဲဖတ်ဖတ် ကိုယ့်အတွက် အကျိုးများတဲ့ စာအုပ်တွေပဲ ဖြစ်ပါတယ်။ဒါပေမဲ့ ကိုယ်စိတ်မဝင်စားတဲ့ စာအုပ်ကိုတော့ အချိန်အေးဆေးရမှ ဖတ်တာ ပိုကောင်းပါတယ်။