တစ်နေ့ ၈ နာရီအိပ်ပါလို့ ပြောရင် လုံလောက်တယ်လို့ မပြောနိုင်ပါဘူး။ ဥပမာ- ကလေးတစ်ယောက်ကို ၈ နာရီပဲ ပေးအိပ်လို့ မဖြစ်ပါဘူး။ လူတစ်ယောက်အတွက် ကျန်းမာရေးနဲ့အညီ လိုအပ်တဲ့ အိပ်စက်ချိန်ဆိုတာ သူ့အသက်အရွယ်အပါအဝင် တခြားအကြောင်းအရာတွေကလည်း အများကြီး သက်ရောက်မှုရှိပါတယ်။

အိပ်ရေးမဝဘူးဆိုရင် သိသာတဲ့တစ်ချက်က နောက်ရက်တွေမှာ နေ့ခင်းဘက်တောင် အိပ်ချင်နေတာမျိုး ဖြစ်ပါတယ်။ ဒါကို အိပ်စက်မှုအကြွေးတင်ခြင်းလို့လည်း ခေါ်ကြပါတယ်။ အိပ်ရေးမဝတဲ့ရက်တွေ ကြာလာရင် အိပ်စက်မှုအကြွေးတွေ များလာပါတယ်။ အိပ်စက်မှုအကြွေးများလာရင်တော့ ခန္ဓာကိုယ်က ဒီအကြွေးကို ပြန်ဆပ်ရတဲ့ အခြေအနေဆိုက်ရောက်လာပါတယ်။

Photo: Freepik

ခဏလောက် လှဲလိုက်မယ်ဆိုပြီး ကျောခင်းလိုက်တာနဲ့ ၅ မိနစ်အတွင်း အိပ်ပျော်သွားတာတို့ ၊စိတ်ခံစားချက် မူမမှန်တာတို့ ၊ အလုပ်မှာ အာရုံစိုက်ရခက်ခဲလာခြင်းနဲ့ အမေ့မေ့ အလျော့လျော့ ဖြစ်တတ်ခြင်းတွေ ကြုံရတတ်ပါတယ်။ ဒါကြောင့် အိပ်ရေးဝအောင် အိပ်ဖို့ လိုပါတယ်။ အိပ်‌ရေးဝတာ သေချာဖို့ အသက်အရွယ်အလိုက် အိပ်ချိန်ပြည့်ဖို့ လိုပါတယ်။

သုံးလအောက် ကလေးငယ်တွေဟာ တစ်ရက်ကို အိပ်ချိန် ၁၄ နာရီကနေ ၁၇ နာရီအတွင်း လိုအပ်ပါတယ်။ အသက် ၄ လကနေ ၁၁ လကလေးငယ်တွေအဖို့ တစ်နေ့ ၁၂ နာရီကနေ ၁၅ နာရီ အိပ်ချိန်လိုအပ်ပါတယ်။ ၁ နှစ်သားကနေ ၂ နှစ်သား ကလေးငယ်တွေအဖို့ တစ်ရက်ကို အိပ်ချိန် ၁၁ နာရီကနေ ၁၄ နာရီပေးထားဖို့ လိုပါတယ်။

အသက် ၃ နှစ်ကနေ ၅ နှစ်အရွယ် မူကြိုအရွယ် ကလေးငယ်တွေအဖို့ တစ်ရက်ကို အိပ်ချိန် ၁၀ နာရီကနေ ၁၃ နာရီရှိရင် လုံလောက်ပါတယ်။ အသက် ၆ နှစ်ကနေ ၁၃ နှစ်သား ကလေးငယ်တွေကတော့ တစ်ရက် ၉ နာရီကနေ ၁၁ နာရီ အိပ်ချိန်ပေးဖို့ လိုပါတယ်။ ဆယ်ကျော်သက်အရွယ် အသက် ၁၄ နှစ်နဲ့ ၁၇ နှစ်သားတွေကတော့ တစ်ရက် ၈ နာရီကနေ ၁၀ နာရီ ရှိရင် အိပ်‌ရေးဝပါတယ်။

Photo: Freepik

အရွယ်ရောက်တဲ့သူတစ်ယောက်အဖြစ် ပျမ်းမျှ တစ်ရက်ကို ၇ နာရီကနေ ၉ နာရီအကြား နဲ့ တချို့သူတွေအဖို့ တစ်ရက် ၁၀ နာရီ လိုပါတယ်။ အသက် ၆၅ နှစ်နဲ့ အထက် သက်ကြီးရွယ်အိုတွေဟာ တစ်ရက် ၇ နာရီကနေ ၈ နာရီ ဆိုရင် လုံလောက်ပါတယ်။ ကိုယ်ဝန်ဆောင်တွေ ကိုယ်ဝန်ပထမ ၃ လမှာ သာမန်ထက် တစ်ရက်ကို နာရီပိုအိပ်ပေးရမှာပါ။ အခုလို အိပ်ချိန်ပမာဏကို သိထားခြင်းအားဖြင့် ကိုယ့်ရဲ့ အိပ်စက်မှုပုံစံကို ကျန်းမာရေးနဲ့ညီအောင် ပြုပြင်နိုင်မှာ ဖြစ်ပါတယ်။