သစ်ပင်တွေဟာလှပပြီးတော့ စိမ်းလန်းတဲ့သစ်တောထဲမှာလမ်းလျှောက်တဲ့အခါ စိတ်ပျော်ရွှင်မှုဖြစ်ပေါ်တာကို သင်ကြုံတွေ့ဖူးမှာပါ။ ဒါပေမယ့်လူတိုင်းသတိမထားမိတာက သစ်ပင်တွေကပေးနိုင်တဲ့ အကျိုးကျေးဇူးတွေက ဒါ့ထက်ပိုတယ်ဆိုတာကိုပါပဲ။ သူတို့က ကမ္ဘာမြေကြီးအတွက် များများပေးဆပ်ပြီး ပြန်ယူလိုစိတ်နည်းတဲ့ မိတ်ဆွေကောင်းတွေနဲ့တူပါတယ်။ အခုပြောပြပေးမှာက သစ်ပင်တွေကပေးနိုင်တဲ့ အကောင်းဆုံးအကျိုးကျေးဇူး ၅ ခုအကြောင်းကို ပြောပြပေးမှာဖြစ်ပါတယ်။ အကယ်လို့ သင်က သစ်ပင်တွေကိုချစ်တဲ့သူတစ်ယောက်ဆိုရင် အောက်မှာဖတ်ကြည့်လိုက်ပါဦး။
(၁) စွမ်းအင်သုံးစွဲမှု ချွေတာနိုင်တယ်

Source : UNWTO
သင့်ရဲ့ စွမ်းအင်သုံးစွဲမှုကုန်ကျစရိတ်ကို လျှော့ချဖို့သစ်ပင်တွေက ကူညီနိုင်တယ်ဆိုတာ သင်သိပါသလား။ အလွန်အေးတဲ့နေရာတွေမှာ သစ်ပင်တွေက သင့်ရဲ့နေအိမ်အတွင်းပြင်းထန်တဲ့ လေတိုက်ခတ်မှုတွေဝင်ရောက်ခြင်းကနေ ကာကွယ်ပေးပါတယ်။ အပူပေးစက်အသုံးပြုရခြင်း ၂၅% လောက်အထိလျော့နည်းသွားတဲ့အတွက် စွမ်းအင်သုံးစွဲမှုချွေတာရာ ရောက်သလို သစ်ပင်တွေက နွေရာသီမှာလဲသင့်ရဲ့အိမ်အတွက်အေးမြတဲ့အရိပ်ကိုပေးပါတယ်။
(၂) ရေကြီးမှုကိုကာကွယ်ပေးတယ်

Source : Added Property Value
ကမ္ဘာမြေကြီးရဲ့သဘာဝတရားအရရေကြီးမှုတွေဖြစ်ပေါ်ခြင်းက သင့်နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေကိုပျက်စီးသွားစေ နိုင်ပါတယ်။ ဒီအတွက် သစ်ပင်တွေကသင့်ဘေးနားမှာရှိနေတဲ့အတွက် သူတို့ကရေစီးဆင်းမှုကို ဟန့်တားပေးပြီး ပြင်းထန်တဲ့ရေကြီးမှုကိုမဖြစ်ပေါ်အောင် ကူညီပေးပါတယ်။ သစ်တောထဲကသစ်ပင်တွေရဲ့ အမြစ်တွေနဲ့ အော်ဂဲနစ်ကြွယ်ဝတဲ့မြေဆီလွှာတွေက ရေစီးဆင်းမှုကိုနှေးကွေးစေပြီး မြေကြီးအတွင်းတဖြည်းဖြည်းစိမ့်ဝင်သွားအောင် လုပ်ဆောင်ပေးပါတယ်။
(၃) တန်ဖိုးမြင့်တက်စေတယ်

Source : Pinterest
အရွက်ဖားဖားသစ်ပင်တွေတန်းစီနေတဲ့ လမ်းတွေကိုမြင်ယောင်ကြည့်တဲ့အခါ၊ ရင်သက်ရှုမောဖွယ်ကောင်းတဲ့ သစ်တောတွေပိုင်ဆိုင်ထားတဲ့တိုင်းပြည်တစ်ပြည်ရဲ့ မြင်ကွင်းကိုမြင်ယောင်ကြည့်တဲ့အခါ သာယာလှပလွန်းတာကိုသင်တွေ့မြင်ခံစားရမှာပါ။ တကယ်တော့ သစ်ပင်တွေရှိတဲ့အိမ်ခြံမြေတွေဟာ မူလတန်ဖိုးထက်မြင့်တက်စေပါတယ်။ ကျေးလက်ဒေသတွေမှာဆိုရင်လည်း သစ်ပင်တွေရှိတာက မြေဆီလွှာအခြေအနေကိုပိုကောင်းစေပြီး တကယ်လို့သင်က မြစ် ဒါမှမဟုတ် ချောင်းအနီးမှာနေထိုင်တယ်ဆိုရင် သစ်ပင်နဲ့ချုံပင်တွေက ရေတိုက်စားခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
(၄) စိတ်ဖိစီးမှုလျော့နည်းစေတယ်

Source : PxHere
သဘာဝပတ်ဝန်းကျင်နဲ့ နီးစပ်မှုကရတဲ့ အကျိုးကျေးဇူးတွေအကြောင်းကို သင်ကြားဖူးမှာပါ။ ဟုတ်ပါတယ် သစ်ပင်တွေက သင့်စိတ်နဲ့ခန္ဓာကိုယ်ကိုပိုကျန်းမာအောင်ကူညီပေးနိုင်တယ်ဆိုရင် မမှားပါဘူး။ ဂျပန်လူမျိုးတွေမှာဆိုရင် Shinrin-yoku လို့ခေါ်တဲ့ “forest bathing” “သစ်ပင်တွေနဲ့ရေချိုးခြင်း”ဆိုတဲ့ အသုံးအနှုန်းရှိပါတယ်။ အပြင်သွားစရာမလိုဘဲ ပြတင်းပေါက်ကနေသစ်ပင်တွေကိုကြည့်ပေးရုံနဲ့တင် စိတ်ဖိစီးမှုနဲ့ စိုးရိမ်စိတ်တွေကိုလျှော့စေပြီး အပန်းပြေစေနိုင်တယ်လို့ဆိုကြပါတယ်။ ဒ့ါကြောင့် လူတွေအနေနဲ့ စိတ်ရောကိုယ်ပါပျော်ရွှင်မှုရတဲ့ သစ်ပင်သစ်တောတွေရှိတဲ့နေရာတွေကို ပျော်ပွဲစားထွက်တာလို့ အလည်အပတ်အနေနဲ့ မကြာခဏသွားကြလေ့ရှိကြတာပါ။
