ခရစ္စမတ်ဆိုတာ မိသားစုတွေ အတူတူ တပျော်တပါးတွေ့ဆုံရင်း ၊ လက်ဆောင်လေးတွေ အပြန်အလှန်လဲရင်းနဲ့ ကြည်နူးစရာအားလပ်ရက်ရနေတဲ့ ကာလပါပဲ။ ခရစ္စမတ်အကြောင်း ပြောရင် Christmas Tree တွေကလည်း မပါမဖြစ်ပါဘူး။ ခရစ္စမတ်သစ်ပင်တစ်ပင်အတွက် ကုန်ကျစရိတ်ကတော့ အခြေအနေပေါ် မူတည်ပါတယ်။ အခုပြောမယ့် Christmas Tree တွေကတော့ ပြောပြရင် ယုံနိုင်စရာမရှိအောင် ဈေးကြီးကြပါတယ်။

(၁) A Tree for Alcohol Lovers

Photo: thefactsite

ဒီခရစ္စမတ်သစ်ပင်က လန်ဒန်မှာ ရှိပါတယ်။ လန်ဒန်မြို့ အဆင့်မြင့်ဟော်တယ်တစ်ခုဖြစ်တဲ့ Sofitel မှာ ရှိပြီး သတ္ထုဖရိမ်မှာ ကောညက်ဘရန်ဒီ ပုလင်း ၂၀၀ နဲ့ အလှဆင်ထားပါတယ်။ ပုလင်းတွေကိုလည်း ၂၄ ကာရက်ရွှေနဲ့ အလှဆင်ထားပြီး တစ်ပုလင်းစီကို ကျွမ်းကျင်တဲ့ လက်မှုပညာရှင်အနည်းဆုံး ငါးဦးက ဖန်တီးထားတာပါ။

သစ်ပင်ရဲ့ အပေါ်ဆုံးမှာ Louis XIII Grande Champagne ထားရှိထားပါတယ်။ ပုလင်းတစ်လုံးရဲ့ တန်ဖိုးကကို ဒေါ်လာ ၂၄၀၀ ကုန်ကျပါတယ်။ ၁၇ ပေ နီးပါးမြင့်တဲ့ ဒီ Christmas Tree ဟာ တန်ကြေး ဒေါ်လာ ၅၅၀၀၀ (အနည်းဆုံး သိန်း ၇၀၀ ကျော်) တန်ပါတယ်။

(၂) Tokyo’s Mini Christmas Tree

Photo: thefactsite

Mini Christmas Tree ဆိုပေမယ့် ဒီခရစ္စမတ်သစ်ပင်ရဲ့ တန်ဖိုးက ဒေါ်လာ ၁.၈ သန်း (မြန်မာငွေ သန်းပေါင်း ၂၄၀၀ ကျော်) ရှိပါတယ်။ ဈေးကြီးရတဲ့ အကြောင်းအရင်းက ဒီအပင်မှာ ပါတဲ့ နှင်းဆီပွင့်တွေထဲမှာ အာဖရိကနဲ့ ဩစတြေးလျတို့က ထွက်တဲ့ စိန်တစ်ပွင့်စီ ထည့်ပြီး အလှဆင်တာ ဖြစ်ပါတယ်။ သစ်ပင်ဘေးမှာလည်း စိန်လည်ဆွဲလေးတစ်ရံ ဝတ်ဆင်ထားတဲ့ အနီရောင်ဝက်ဝံရုပ်တစ်ကောင်ထားပေးထားပါတယ်။

(၃) A Disney Christmas Tree

Photo: thefactsite

ဒစ္စနေဇာတ်ကောင် ၅၀ နဲ့ အလှဆင်ထားတဲ့ ရွှေသစ်ပင်ကြီးပါ။ အပေါ်မှာ မစ်ကီမောက်ရုပ်လေး ပါပါတယ်။ ရွှေအလေးချိန်ကကို ၈၈ ပေါင် ရှိပြီး အကုန်လုံး ၂၄ ကာရွက်ရွှေတွေပါ။ အပင်ရဲ့ အမြင့်ဟာ ၈ ပေနီးပါး ရှိပါတယ်။ အနုပညာရှင် ဆယ်ဦး နှစ်လကြာ ဖန်တီးထားတာ ဖြစ်ပြီး စုစုပေါင်းတန်ကြေး ဒေါ်လာ ၄.၂ သန်း (မြန်မာငွေ သန်းပေါင်း ၅၆၀၀ ကျော် ) ရှိပါတယ်

(၄) ကမ္ဘာ့ဈေးအကြီးဆုံး Christmas Tree

Photo: thefactsite

ဒေါ်လာ ၁၁ သန်း( မြန်မာငွေ သန်းပေါင်း ၁၄၇၅၀ ကျော်) တန်တဲ့ ခရစ္စမတ်သစ်ပင်ပါ။ ပေ ၄၀ ကျော် အမြင့်ရှိပြီး Emirates Palace Luxury ဟော်တယ်မှာ ထားထားတာပါ။ Evergreen အပင်တုတန်ဖိုးချည်း ဒေါ်လာ ၁၀၀၀၀ တန်ပါတယ်။ ကျန်တာက အလှဆင်တဲ့ Decoration တန်ကြေးဖြစ်ပါတယ်။

ဒီသစ်ပင်ကို ငွေနဲ့ ရွှေကိုင်းတွေ တပ်ဆင်ထားပြီး စိန် ၊ ပုလဲ ၊ ကျောက်စိမ်း ၊ နီလာနဲ့ တခြားအဖိုးတန် ကျောက်မျက်ရတနာ ၁၈၁ လုံး တပ်ဆင်ထားပါတယ်။ လက်ဝတ်ရတနာတွေအနေနဲ့ လည်ဆွဲများ ၊ နာရီများနဲ့ လက်ကောက်တွေပါ ချိတ်ဆွဲထားတာပါ။ ဒေါ်လာ ၁၁ သန်းတန် Christmas Tree ကို မြင်မိရင် စိတ်ထိန်းနိုင်ဖို့ အတော်ခက်ပါလိမ့်မယ်။