ငါးမန်းတွေလို့ပြောလိုက်ရင် လူအများစုထင်ကြတာက ကြီးမားပြီးသွားချွန်ချွန်တွေရှိတဲ့ မီးခိုးရောင် ငါးမန်းတွေကိုပဲ မြင်တတ်ကြပါတယ်။ တကယ်တော့ငါးမန်းတွေဟာ ပုံစံမျိုးစုံ၊ အရွယ်အစားမျိုးစုံနဲ့ အရောင်စုံရှိတတ် ကြပါတယ်။ လူတွေက ငါးမန်းတွေကိုကြောက်ကြပေမယ့် တကယ်က လူတွေအမဲလိုက်ကြတဲ့အတွက် ငါးမန်းတွေမျိုးသုဉ်းကုန်တာကြောင့် ငါးမန်းတွေက လူတွေကိုပို ကြောက်ကြရမှာပါ။ အခုပြောပြပေးမှာက ကမ္ဘာပေါ်မှာရှိတဲ့ ရှားပါး ငါးမန်းမျိုးစိတ်တွေထဲက ငါးမန်း (၅) မျိုးအကြောင်းကို ပြောပြပေးချင်ပါတယ်။
(၁) ငါးမန်းဖြူ

လူသိများတဲ့ Jaw ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခုမှာပါတဲ့ အဖြူရောင်ငါးမန်းမျိုးဟာ အလွန်လျင်မြန်ပြီး အနံ့အာရုံခံနိုင်စွမ်းမြင့်မားတဲ့ ငါးမန်းမျိုးစိတ်ဖြစ်ပါတယ်။ သူတို့ကို သြစတေးလျ၊ တောင်အာဖရိက၊ ကယ်လီဖိုးနီးယားနဲ့ အမေရိကန်အရှေ့မြောက်ပိုင်းကမ်းရိုးတန်းတွေမှာ တွေ့ရတတ်ပါတယ်။ ကမ္ဘာပေါ်မှာအကြီးဆုံးငါးမန်းမျိုးဖြစ်ပြီး ၆ မီတာခန့်အထိ ကြီးထွားနိုင်ကာ ၂၀၀၀ဂရမ်ကျော်အလေးချိန်ရှိပါတယ်။ ငါးမန်းဖြူတွေက လူတွေကိုရန်ပြုတိုက်ခိုက်ကြတယ်လို့သတ်မှတ်ကြပေမယ့် တကယ်တော့ ငါးမန်းဖြူတိုက်ခိုက်ခံရတာမျိုးက တစ်နှစ်မှာ လူ ၅ ယောက်ကနေ ၁၀ ယောက်အတွင်းသာရှိတတ်ပါတယ်။
(၂) တူခေါင်းငါးမန်း

တူခေါင်းငါးမန်းတွေဟာ သားကောင်ရှာတော်ကြတဲ့ ငါးမန်းတွေဖြစ်ပါတယ်။ ငါးမန်းမျိုးစိတ် ၉ ခုထဲက အကြီးဆုံးမျိုးစိတ်လဲဖြစ်ပြီး သူတို့ရဲ့ထူးခြားတဲ့တူပုံသဏ္ဍန်ဦးခေါင်းကြောင့်အလွယ်တကူသိနိုင်ပါတယ်။ ကြီးမားတဲ့တူပုံသဏ္ဍန်ခေါင်းကပတ်ဝန်းကျင်ကို ၃၆၀ ဒီဂရီမြင်ကွင်းကိုမြင်နိုင်တဲ့အတွက် အထက်အောက်ဘေးဘယ်ညာကို တပြိုင်နက်ကြည့်ရှုနိုင်ပါတယ်။ တူခေါင်းငါးမန်းတွေဟာ အတ္တလန္တိတ်၊ ပစိဖိတ်နဲ့ အိန္ဒိယသမုဒ္ဒရာတို့ရှိ ပူနွေးတဲ့ရာသီဥတုနှင့်အပူပိုင်းဒေသတွေမှာနေထိုင်ကြပြီး နွေရာသီမှာတော့ရေအေးပိုင်းတွေကို ပြောင်းရွှေ့နေထိုင်ကြလေ့ရှိပါတယ်။
(၃) ပန်းပွားငါးမန်း

Frilled shark တွေဟာ ရေထဲမှာဆွဲဆောင်မှုအရှိဆုံးနဲ့ ထိတ်လန့်ဖွယ်ပုံသဏ္ဍန်ကိုပိုင်ဆိုင်တဲ့ သတ္တဝါတွေထဲက တစ်ခုဖြစ်ပါတယ်။ ရှည်လျားပြီးချောမွေ့တဲ့ ခန္ဓာကိုယ်ရှိတဲ့အတွက် ရေအောက်မြွေတစ်ကောင်လိုထင်ရပါတယ်။ မျက်နှာကလည်း မြွေနဲ့ခပ်ဆင်ဆင်တူသလို ထင်ရှားတဲ့မျက်လုံးတွေရှိပြီး တခြားငါးမန်းတွေနဲ့မတူတာက သူတို့ရဲ့မေးရိုးတွေကနှာခေါင်းအောက်မှာရှိရမယ့်အစား အောက်မှာရှိနေတာပါ။ လည်ပင်းရဲ့အရှေ့ဘက်မှာလဲပန်းပွားကော်လံပုံအရေးပြားတစ်ခုရှိတဲ့အတွက် Frilled Shark လို့ခေါ်ကြတာဖြစ်ပါတယ်။
(၄) တစ္ဆေငါးမန်း

ထူးခြားတဲ့အသွင်အပြင်နဲ့အတူ Goblin Shark တွေဟာ သမိုင်းမတိုင်မီက ပင်လယ်တစ္ဆေကြီးတွေနဲ့တူတယ် လို့ဆိုကြပါတယ်။ ၎င်းတို့ကိုမြင်တွေ့ရခဲပြီး မျိုးသုဉ်းပျောက်ကွယ်တော့မယ် အန္တရာယ်ရှိနေတဲ့ငါးမန်းမျိုးစိတ် တစ်ခုလဲဖြစ်ပါတယ်။ ဒါ့ကြောင့် Goblin Shark တွေကိုသက်ရှိမျိုးစိတ်တွေလို့လဲတင်စား ခေါ်ကြပါတယ်။ အစာ ရှာဖွေတဲ့အခါ ပင်လယ်ကြမ်းပြင်ကို သူတို့ရဲ့နှာခေါင်းနဲ့တွန်းလှည်းရှာလေ့ရှိပြီး ရေနက်ပိုင်းတွေမှာနေထိုင်လေ့ရှိကြပါတယ်။
(၅) လွှငါးမန်း

လွှငါးမန်းတွေကိုတော့ သူတို့ရဲ့ရှည်လျားပြီး လွှနဲ့တူတဲ့နှာခေါင်းကြောင့် အလွယ်တကူခွဲခြားသိနိုင်ပါတယ်။ အလွန်ထက်တဲ့သွားတွေပိုင်ဆိုင်ကြပြီး နှာခေါင်းထိပ်ကသွားချွန်ချွန်ကိုတော့ သားကောင်ကိုတိုက်ခိုက်ရန် အသုံးပြုလေ့ရှိပါတယ်။ တခြားငါး၊ ပုစွန်၊ ကနုကမာတွေကိုအစားအဖြစ်စားကြပြီး လွှငါးမန်းတွေဟာ ကွဲပြားတဲ့မျိုးစိတ် ၈ခုခန့်ရှိပြီး ၎င်းတို့ကိုသြစတေးလျနဲ့ တောင်အာဖရိကနိုင်ငံတွေမှာတွေ့နိုင်ပါတယ်။
