ခန္ဓာကိုယ်မှာ Immune system လို့ခေါ်တဲ့ ကိုယ်ခံအားစနစ်ကအရေးကြီးဆုံးအရာတစ်ခုလို့ပြောရင်မမှားနိုင်ပါဘူး။ Immune ကျနေပြီဆိုရင် ပြင်ပကရောဂါပိုးမွှားတွေ အလွယ်တကူဝင်ရောက်လာနိုင်ပါတယ်။ တစ်ချို့လူတွေက Immune ကျအောင်ကိုယ်တိုင်လုပ်မိနေတက်တာတွေလည်းရှိပါတယ်။ မသိသာတဲ့အမှားတွေဆိုပေမယ့် ဒါတွေက သင့်ရဲ့ Immune system ကိုထိခိုက်စေမှာအသေအချာပါပဲ။

The Telegraph
အိပ်ရေးခဏခဏပျက်တာ – ညဘက်မှာကောင်းစွာမအိပ်စက်ထားတဲ့နေ့တွေဆို တစ်နေ့လုံးက တက်ကြွလန်းဆန်းမှုမရှိ ထိုင်းမှိုင်းနေတာ လူတိုင်းကြုံဖူးပါလိမ့်မယ်။ အိပ်ရေးပျက်ခြင်းကလည်း ကိုယ်ခံအားကျဆင်းစေတဲ့ အဓိကအချက်တစ်ခုဖြစ်တာကြောင့် မဖြစ်မနေဂရုစိုက်ဖို့လိုပါတယ်။ လူတစ်ယောက်အတွက် (၇) နာရီကနေ (၉) နာရီကြားအိပ်စက်ခြင်းက လုံလောက်တဲ့ အိပ်စက်ချိန်ဖြစ်တာကြောင့် အိပ်ချိန်ပြည့်ဝစွာအိပ်ပြီး ကိုယ်ခံအားစနစ်ကိုကောင်းမွန်အောင် လုပ်ဆောင်ဖို့အကြံပြုချင်ပါတယ်။
အာဟာရရှိအောင်မစားတာ – အစာအဟာရက ခန္ဓာကိုယ် ကိုယ်ခံအားစနစ်အတွက် အရေးကြီးဆုံး ထောက်ပံ့ပေးနေတဲ့ အရာတစ်ခုလို့ပြောလို့ရပါတယ်။ ခန္ဓာကိုယ်အတွက် အဟာရပြည့်ဝစွာမစားသုံးရင် ကိုယ်ခံအားစနစ်က ဧကန်မလွဲကျဆင်းလာမှာဖြစ်ပါတယ်။ ဒါကြောင့် အစားအစာ စားသုံးတဲ့အခါမှာ ခန္ဓာကိုယ်အတွက် အဟာရပြည့်ဝစေမယ့် အသားငါး အသီးအရွှက် နို့ ဥအမျိုးမျိုး ပဲအမျိုးမျိုး စသည့် ပရိုတင်းဓာတ် ဗီတာမင်ဓာတ် သတ္တုတ်တွေပါတဲ့အစားအစာတွေကို သင့်တမျှတအောင်စားသုံးဖို့ လိုအပ်ပြီး အချိန်မှန်မှန်စားသုံးပေးဖို့လည်း လိုအပ်ပါတယ်။

Source : Shutterstock
စိတ်ဖိစီးမှုမလျော့ချတာ – စိတ်ဖိစီးမှုဆိုတာ ဘယ်သူမှတော့ လိုအပ်တပ်မက်မိတဲ့အရာတွေဖြစ်မှာမဟုတ်ပါဘူး။ သို့သော်လည်း သင်ကိုယ်တိုင်စိတ်ဖိစီးမှုဖြစ်စေတဲ့ အခြေအနေက ရုန်းမထွက်နိုင်ရင်တော့ သင့်ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် ကိုယ်ခံအားစနစ်အပေါ်မှာ အကျိုးသက်ရောက်မှုတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေကိုအတက်နိုင်ဆုံး လျော့ချပါ။ စိတ်ဖိစီးမှုကင်းကင်းနဲ့ နေထိုင်နိုင်ဖို့ စိတ်တည်ငြိမ်အေးချမ်းစေမယ့်လေ့ကျင့်ခန်းတွေ တရာထိုင်နည်းတွေ ယောဂလေ့ကျင့်ခန်းတွေ လုပ်ဆောင်ပါ။
လေ့ကျင့်ခန်းမလုပ်တာ – ကျန်းမာတဲ့ဘဝတစ်ခုပိုင်ဆိုင်နိုင်ဖို့ဆိုရင် ကိုယ်လက်လှုပ်ရှားမှုရှိမှ ရပါမယ်။ တစ်နေ့ကိုအထိုင်များနေမယ် အိပ်ယာထဲမှာပဲအချိန်ကုန်နေမယ် စသည်ဖြင့် ခန္ဓာကိုယ်ကို လှုပ်ရှားမှုလုပ်မပေးရင် သင့်ရဲ့ ကိုယ်ခံအားခုခံနိုင်စွမ်းဟာလည်း ကျဆင်းလာမှာဖြစ်ပါတယ်။ ဒါကြောင့် အနည်းဆုံးတနေ့ကို နာရီဝက်လောက်လမ်းလျောက်တာ စက်ဘီးနင်းတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက အသက်ရှည်ကျန်းမာပြီး အရင်ကထက် နုပျိုလန်းဆန်းလာမှာဖြစ်ပါတယ်။

Source : HuffPost Canada
ဆေးလိပ်အရက်အလွန်အကျွံသောက်တာ – ဆေးလိပ်နှင့် အဖျော်ယာမကာတွေ အလွန်အကျွံသောက်သုံးခြင်းဟာ ကိုယ်ခံအားစနစ်ကို အဆိုးရွှားဆုံးထိခိုက်စေတဲ့ အရာတွေဖြစ်ပါတယ်။ ဆေးလိပ်နဲ့ အရက်တွေမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေကို အလွန်အကျွံသုံးစွဲလိုက်ရင် ကိုယ်ခံအားစနစ်သာမက တခြားသော ခန္ဓာကိုယ်ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေပေါ်မှာလည်း ဆိုးကျိုးတွေများစွာသက်ရောက်စေမှာဖြစ်ပါတယ်။ဒါကြောင့် ဖြစ်နိုင်ရင် ဆေးလိပ် အရက်သုံးစွဲခြင်းကိုရှောင်ကျဉ်ပါ။အထူးသဖြင့် အလွန်အကျွံသုံးစွဲခြင်းကို လုံးဝရှောင်သင့်ပါတယ်။
