မနက် ၉ နာရီရုံးတက်ချိန်ကစလို့ ညနေရုံးဆင်းချိန်ထိ တစ်နေ့လုံးလန်းဆန်းတက်ကြွစွာနေနိုင်ဖို့ဆိုတာ ထင်သလောက်မလွယ်ပါဘူး။ ခန္ဓာကိုယ်မှာ စွမ်းအင်ကျတဲ့အချိန်တွေရှိသလို ပင်ပန်းနွမ်းနယ်မှုတွေလည်း ရှိပါတယ်။ ဒါပေမယ့်အခုပြောပြမယ့်အချက်တွေကိုလိုက်နာမယ်ဆိုရင် ပုံမှန်ထက် အလုပ်မှာရွှင်လန်းတက်ကြွစွာတစ်နေ့တာကိုဖြတ်သန်းနိုင်မှာပါ။

(၁) ရေဓာတ်ပြည့်ဝအောင်နေပါ

Source : Analyte Guru

ခန္ဓာကိုယ်မှာ ရေဓာတ်ဆုံးရှုံးတဲ့အခါ အားအင်ကုန်ခမ်းခြင်း မောပန်းနွမ်းနယ်ခြင်းတွေနဲ့ မလန်းမဆန်းဖြစ်နေတက်ပါတယ်။ ခန္ဓာကိုယ်ရဲ့ သုံးပုံနှစ်ပုံက ရေဓာတ်ဖြင့်ဖွဲ့စည်းထားတာဖြစ်ပြီး ရေဓာတ်ပြည့်ဝနေခြင်းက သဘာဝအတိုင်းသင့်ကို တက်ကြွလန်းဆန်းမှုတွေပေးစွမ်းမှာဖြစ်ပါတယ်။ ဒါကြောင့် အလုပ်ခွင်မှာလည်း မကြာခဏရေသောက်ပါ။ ရေထသောက်ဖို့ ပျင်းတယ်ဆိုရင် ကိုယ့်အလုပ်စားပွဲမှာပဲ သောက်လို့ရအောင် ရေဗူးလေးဆောင်ထားသင့်ပါတယ်။

(၂) ခဏတဖြုတ်လမ်းလျောက်ပါ

Source : The Active Times

အလုပ်စားပွဲရှေ့မှာပဲ ထိုင်ရာမထတစ်နေ့လုံးနေတာက သင့်ကိုပျင်းရိငြီးငွေ့ခြင်းတွေခံစားရစေနိုင်တဲ့အပြင် ခါးနာခြင်း ကိုယ်နေဟန်ထားချို့ယွင်းလာခြင်း အဝလွန်ခြင်းစတဲ့ လက္ခဏာတွေပါ ဖြစ်လာနိုင်ပါတယ်။ဒါကြောင့် ရုံးတွင်းမှာပဲ ခဏတဖြုတ်လမ်းထလျောက်တာ လှေကားအတက်အဆင်းပြုလုပ်တာ နောက်ဆုံးကိုယ်ရဲ့ လက်တော့ကို အမြင့်တစ်နေရာမှာထားပြီး ခဏတဖြုတ်မတ်တပ်ရပ် အလုပ်လုပ်ကြည့်ဖို့ အကြံပြုချင်ပါတယ်။

(၃) အနားယူပါ

Source : The Savings Blog

တစ်နေ့ကုန်အလုပ်ပြီးအလုပ်ဖြစ်နေရင် သင့်ရဲ့စိတ်မှာ မွန်းကျပ်ငြီးငွေ့မှုတွေပဲ ခံစားလာရပြီး လန်းဆန်းတက်ကြွခြင်းတွေ ပျောက်ဆုံးလာနိုင်ပါတယ်။ ဝန်ထမ်းတွေဟာ စက်ရုပ်တွေမဟုတ်တာကြောင့် တစ်နေ့တာလုံးမှာ စိတ်နဲ့ ခန္ဓာကိုယ်ကို အနားယူဖို့ အချိန်အနည်းငယ်တော့ပေးဖို့လိုအပ်ပါတယ်။ နေ့လည်စာစားတဲ့အချိန်ဖြစ်စေ Coffee Break ပေးတဲ့အချိန်မှာဖြစ်စေ (၁၅) မိနစ်လောက် တစ်ယောက်တည်းသီချင်းနားထောင်တာမျိုး စိမ်းလန်းတဲ့အပင်တွေကြည့်ပေးတာမျိုး ပြုလုပ်ပြီး သင့်ရဲ့ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို အနားယူပေးသင့်ပါတယ်။

 

(၄) ထိုင်ခုံပေါ်မှာလေ့ကျင့်ခန်းလုပ်ပါ

Source : SnackNation

ခန္ဓာကိုယ်ကို လှုပ်လှုပ်ရှားရှားနေခြင်းဟာ သွေးလည်ပတ်မှုကောင်းစေပြီး တက်ကြွလန်းဆန်းမှုတွေကို ပေးစွမ်းနိုင်ပါတယ်။ သင့်အနေနဲ့ တစ်နေ့ကုန် အလုပ်စားပွဲမှာပဲ ထိုင်နေပြီး လှုပ်ရှားမှုမရှိဘူးဖြစ်နေလားဆိုတာ ကိုယ်ကိုယ့်ကို ပြန်သုံးသပ်ကြည့်ပါ။ အထိုင်များတာက ရေရှည်မှာ ကျန်းမာရေးဆိုးကျိုးတွေများစွာဖြစ်လာနိုင်ပါတယ်။ဒါကြောင့် ထိုင်ခိုင်ပေါ်မှာပဲ ပြုလုပ်လို့ရတဲ့ လေ့ကျင့်ခန်းလေးတွေကို ၁၅ လောက်ပြုလုပ်ပေးပါ။