အိပ်နေရင်း ဟောက်တဲ့ပြဿနာကို အရွယ်ရောက်ပြီးလူတော်တော်များများ ကြုံတွေ့ရလေ့ရှိပါတယ်။ ဒီလိုဟောက်လေ့ရှိတယ်ဆိုရင် သင့်ပါတနာကို စိတ်အနှောင့်အယှက်ဖြစ်စေမှာ အမှန်ပါပဲ။ အသက်ရှုလမ်းကြောင်း ခဏပိတ်သွားတာ၊ အဝလွန်တာ၊ နှားခေါင်း (သို့) လည်ချောင်းမှာ ပြဿနာရှိနေတာ၊ အိပ်ချိန်မပြည့်ဝတာတွေက ဟောက်ခြင်းကိုဖြစ်စေပါတယ်။ အိပ်ချိန်နဲ့နီးကပ်ပြီး အရက်သောက်တာကြောင့်လည်း ဟောက်နိုင်ပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ ဟောက်ခြင်းကို ကာကွယ်နိုင်တဲ့ နည်းလမ်းလေးတွေ ပြောပြပေးသွားမှာပါ။

(၁) အိပ်ချိန်နားကပ်ပြီး အရက်မသောက်ပါနဲ့

Source: The Sleep Doctor

အိပ်ရာမဝင်ခင် အနည်းဆုံး (၂) နာရီလောက်အလိုမှာ အရက်မသောက်မိအောင် ရှောင်ကြဉ်ပါ။ အရက်ဟာ လည်ချောင်းကြွက်သားတွေကို လျော့တိလျော့ရဲဖြစ်စေတဲ့အတွက် အိပ်ပျော်နေရင်း ဟောက်ခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။

(၂) ကိုယ်အလေးချိန်လျှော့ချပါ

Source: Mews Track English

အိပ်နေရင်းဟောက်ခြင်းဟာ အဝလွန်နေတဲ့လူတွေမှာ ပိုပြီးတွေ့ရလေ့ရှိပါတယ်။ ဝိတ်ချလိုက်မယ်ဆိုရင် လည်ချောင်းထဲက တစ်ရှူးတွေနည်းပါးလာနိုင်ပြီး အိပ်နေရင်းဟောက်ခြင်းကိုပါ လျော့ကျစေနိုင်ပါတယ်။

(၃) ဆေးလိပ်မသောက်ပါနဲ့

Source: Sunway Medical Centre

ဆေးလိပ်သောက်ခြင်းဟာလည်း အိပ်နေစဉ်ဟောက်ခြင်းကို ပိုမိုဆိုးရွားစေတဲ့ အလေ့အထတစ်ခုပါပဲ။ ဒါကြောင့် အိပ်နေရင်းဟောက်ခြင်းကို ကုစားနိုင်ဖို့အတွက် ဆေးလိပ်သောက်ခြင်းကို ရပ်တန့်လိုက်ပါ။

(၄) ဘေးတစောင်းအိပ်ပါ

Source: Sleep

ပက်လက်လှန်အိပ်မယ်ဆိုရင် လျှာကို လည်ချောင်းရဲ့နောက်ကိုရောက်စေတဲ့အတွက် လည်ချောင်းထဲကိုဝင်တဲ့ လေလမ်းကြောင်းကို ပိတ်ဆို့စေနိုင်ပါတယ်။ ဘေးတစောင်းအိပ်မယ်ဆိုရင်တော့ လေလမ်းကြောင်းကို ချောချောရှူရှူဖြစ်စေပြီး အိပ်နေရင်းဟောက်ခြင်းကိုလည်း လျော့ကျစေပါတယ်။

(၅) ခေါင်းအုံးထူထူသုံးပါ

Source: Athletico Physical Therapy

ခေါင်းအုံးထူထူသုံးခြင်းဖြင့် ခေါင်းကို အိပ်ရာခင်းနဲ့ အနည်းဆုံး (၄) လက်မလောက်အကွာမှာရှိစေပြီး လည်ချောင်းတွင်းလေလမ်းကြောင်းကို ပွင့်စေသောကြောင့် အိပ်နေရင်းဟောက်ခြင်းကိုလည်း လျော့ပါးစေပါတယ်။