နှစ်သစ်ကူး အဓိဌာန်တွေလုပ်တဲ့ အစဉ်အလာက ကောင်းပါတယ်။ ဒါပေမယ့်လည်း လက်တစ်ဆုပ်စာ လူအနည်းစုလောက်ကပဲ နှစ်သစ်ကူး အဓိဌာန် New Year Resolutions တွေကို တကယ်ဖြစ်အောင် လုပ်နိုင်ကြပါတယ်။ ဒီလို ရည်မှန်းချက်အတိုင်း ဖြစ်မြောက်အောင်မြင်သူထဲမှာ ကိုယ်ပါစေဖို့အတွက်ဆိုရင် အခုပြောမယ့် နည်းလမ်းလေးတွေ အသုံးချသင့်ပါတယ်။
(၁) နေ့စဉ်လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်သွားပါစေ
Photo: Freepik
တစ်နှစ်လုံးစာ အကောင်အထည်ဖော်မယ့် အစီအစဉ်တွေဟာ ကိုယ့်ရဲ့ နေ့စဉ်ဘဝ ဖြစ်ပါစေ။ နေ့တိုင်း ကိုယ့်ရဲ့ New Year Resolution တွေ ကို ထည့်သွင်းပြီး အကောင်အထည်ဖော်သွားပါ။ တစ်နှစ်စာ ရည်မှန်းချက်တွေဟာ ကိုယ့် Lifestyle ဖြစ်လာပြီဆိုရင် ရည်မှန်းချက်တွေ ခိုင်မာပြီး တကယ်ဖြစ်လာဖို့ ပိုနီးစပ်စေမှာ ဖြစ်ပါတယ်။
(၂) တိကျပြီး အချိန်ကာလသတ်မှတ်နိုင်တဲ့ ရည်မှန်းချက်တွေ ထားပါ
Photo: Freepik
လူအတော်များများရဲ့ ရည်မှန်းချက်က သိပ်ကို ယေဘုယျဆန်ပါတယ်။ ဥပမာ- ဝိတ်ကျချင်တယ်/ ပိုက်ဆံစုချင်တယ်ဆိုတဲ့ ရည်မှန်းချက်မျိုး ဖြစ်ပါတယ်။ ကိုယ်အလေးချိန် ဘယ်နှစ်ပေါင် ကျချင်တာလဲ။ ဘယ်တော့ ကျချင်တာလဲ စသည်ဖြင့် ရည်မှန်းချက်သတ်သတ်မှတ်မှတ် ထားတာမျိုး နည်းပါတယ်။ ပိုက်ဆံစုချင်တယ်ဆိုရင်လည်း အလားတူပါပဲ။
New Year Resolution ဆိုတာ နှစ်သစ်ကူး ဆုတောင်းမဟုတ်ပါဘူး။ စိတ်ကူးယဉ်ပြီး ဖြစ်ချင်တာတွေ လျှောက်ပြောတာမျိုး မလုပ်ရပါဘူး။ တိကျပြီး ကာလရှိတဲ့ ရည်မှန်းချက်တွေပဲ ဖြစ်ပါစေ။ နောက်တစ်ခုက ရည်မှန်းချက်အကြီးကြီးတွေ ရောက်ဖို့ ပန်းတိုင်သေးသေးလေးတွေ ထားဖို့ပါပဲ။
ဝိတ်ချတဲ့ ဥပမာအရဆိုရင် ၆ လအတွင်း ပေါင် ၄၀ ဝိတ်ချဖို့ ရည်မှန်းချက်ထားရင် တစ်ပတ်ကို တစ်ပေါင်ခွဲ ၂ ပေါင် ဝိတ်ချဖို့ လိုပါတယ်။ ဒါမှသာ တစ်လကို ၇ပေါင် ၈ ပေါင်နှုန်းနဲ့ နှစ်ဝက်အကြာမှာ ကိုယ်မှန်းထားတဲ့အတိုင်း ပေါင် ၄၀ အထိ ဝိတ်ချနိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းက သေးသေးလေးနဲ့ ခရီးဝေးဝေး ရောက်စေမယ့် လက်တွေ့ကျတဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။
(၃) တာဝန်ယူမှု ရှိပါ
Photo: Freepik
New Year Resolutions တွေဟာ သင့်ကို သူများ ခိုင်းစေလိုက်တဲ့အရာ မဟုတ်ပါဘူး။ ကိုယ့်သဘောနဲ့ကိုယ် ရည်မှန်းချက်ထားပြီး အောင်မြင်ဖို့ သံဓိဌာန်လုပ်ထားတာပါ။ ဒါကြောင့် ကိုယ့်အမိန့်ကိုယ် ပြန်ရိုသေပါ။ တာဝန်ယူမှုနဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ခေါင်းထဲ စွဲနေအောင် မှတ်ထားသင့်ပါတယ်။ တာဝန်ယူမှု ရှိမှပဲ ကိုယ့်ရည်ရွယ်ချက်တွေ တကယ်ဖြစ်လာမယ်ဆိုတာ မေ့လို့ မဖြစ်ပါဘူး။
ဒီအချက်လေးတွေ ၂၀၂၁ ခုနှစ်တစ်လျှောက်လုံး ပုံမှန်လုပ်သွားမယ်ဆိုရင် သင့်ရဲ့ New Year Resolution တွေဟာ တကယ်ဖြစ်လာမှာ အမှန်ပါပဲ။