အာဟာရပြည့်ဝတဲ့ အစားအသောက်တွေဟာ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေးမှာ မရှိမဖြစ် အရေးပါပါတယ်။ ကျွန်တော်တို့ စားသောက်မှုပုံစံက ကျွန်တော်တို့ရဲ့ ကျန်းမာရေးကို အဆုံးအဖြတ်ပေးပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် အကောင်းဆုံးထောက်ပံ့မှုပေးတဲ့ အစားအစာတချို့အကြောင်း မျှဝေပေးချင်ပါတယ်။

(၁) ဂရိတ်ဖရု

Photo: Freepik

ဂရိတ်ဖရုဟာ ဝိတ်ကျစေဖို့အတွက်ဆို တကယ်ထူးခြားအံ့ဖွယ်အကျိုးပေးနိုင်တဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။ အင်ဆူလင်ခုခံအားလည်း လျှော့ချပေးနိုင်သလို အစာစားချင်စိတ်ကို ဖိနှိပ်ပေးနိုင်ပါတယ်။ အာဟာရအနေနဲ့ မဂ္ဂနီဆီယမ် ၊ ဖိုလိတ် ၊ သိုင်ယာမိုင်း ၊ ပိုတက်ဆီယမ် ၊ ဗိုက်တာမင် အေ ၊ စီ ၊ အမျှင်ဓါတ် ၊ ပရိုတိန်းနဲ့ Carbs တို့လည်း ပါရှိပါတယ်။

(၂) ပဲနီလေး

Photo: Freepik

တစ်ခြားပဲစေ့နဲ့ ပဲတောင့်တွေလိုပဲ ပဲနီလေးက စားသောက်မှုတွင်ကျယ်တဲ့ အစေ့အဆံတစ်မျိုး ဖြစ်ပါတယ်။ ပရိုတိန်းကြွယ်ဝမှုကြောင့် နာမည်ကြီးပြီး အဆီနည်းပါတယ်။သားသက်လွတ် သမားတွေအတွက် ငါးနဲ့အသားအစား ပဲနီလေးကို စားပေးနိုင်ပါတယ်။ ပဲနီလေးလို ပဲတွေမှာ အမျှင်ဓါတ် ၊ ပိုတက်ဆီယမ် ၊ သံဓါတ် ၊ ဖော့စဖောရပ်စ် နဲ့ ဖော်လိတ်စတဲ့ အာဟာရတွေ ပါဝင်ပါတယ်။

(၃) တူနာ

Photo: Freepik

တူနာငါးတွေဟာ ပရိုတိန်းဓါတ်မြင့်မားပြီး ကယ်လိုရီနည်းပါတယ်။ ဝိတ်မအားကစားလုပ်သူတွေအနေနဲ့ ကာဗွန်ဟိုက်ဒရိတ်နဲ့ အဆီတွေ မပါတဲ့ တူနာငါးစားပေးသင့်ပါတယ်။ တူနာငါးဟာ အမျိုးမျိုးအဖုံဖုံ ချက်ပြုတ် ကြော်လှော်စားလို့လည်း လွယ်ကူတဲ့ ဟင်းလျာတစ်မျိုး ဖြစ်ပါတယ်။

(၄) ကောက်ပဲသီးနှံအမျိုးမျိုး

Photo: Freepik

ဂျုံဘာလီပြောင်း ဆန်လုံးညို စတဲ့ ကောက်ပဲသီးနှံအစေ့အဆံတွေရဲ့ အာဟာရဓါတ်ကလည်း လူနဲ့ လိုက်ဖက်ပါတယ်။ ကောက်ပဲသီးနှံတွေမှာ အမျှင်ဓါတ် ၊ ဗိုက်တာမင်ဘီလိုမျိုး Phytonutrients တွေ စုံလင်စွာ ပါရှိပြီး ဆီးချိုသွေးချိုနဲ့ နှလုံးရောဂါတွေကို ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။

(၅) ကြက်ဥ

Photo: Freepik

ပရိုတိန်းအတွက် အသားကြီး ငါးကြီး မစားနိုင်ရင် ကြက်ဥစားပါ။ ကြက်ဥတွေဟာ ဈေးသက်သာသလောက် အာဟာရဓါတ်မြင့်မားကြွယ်ဝတာကြောင့် အထင်မသေးသင့်တဲ့ အစားအစာလို့ ဆိုနိုင်ပါတယ်။ ကြက်ဥမှာ ဗိုက်တာမင် ဘီတူး ၊ ဘီတွဲ ၊ Leucine စတဲ့ အာဟာရဓါတ်တွေပါဝင်ပြီး အမျိုးမျိုး ချက်ပြုတ်စားသောက်လို့လည်း လွယ်ကူပါတယ်။

(၆) ထောပတ်သီး

Photo: Freepik

ထောပတ်သီးတွေကို Smoothies အနေနဲ့ရော အသုတ်အနေနဲ့ပါ စား‌သောက်လို့ ရပါတယ်။ ထောပတ်သီးမှာ ပိုတက်ဆီယံ၊ ဖိုလိတ် ၊ ဗိုက်တာမင်ဘီအုပ်စု ၊ စီနဲ့ အီးတို့ ပါဝင်ပါတယ်။ အဆီမြင့်တယ်ဆိုပေမယ့် ကိုလက်စထရောကျဆင်းစေအောင် ကူညီပေးတဲ့ Monounsaturated Fat မျိုး ဖြစ်လို့ ကျန်းမာရေးနဲ့ ညီပါတယ်။

(၇) ပန်းဂေါ်ဖီစိမ်း

Photo: Freepik

ပန်းဂေါ်ဖီစိမ်းကလည်း Phytonutrients ကြွယ်ဝတဲ့ အစားအသောက် ဖြစ်ပါတယ်။ ဒါ့အပြင် ဗိုက်တာမင်စီ ၊ ဘီတာကာရိုတင်း ၊ ဖိုလိတ် ၊ ကယ်လ်ဆီယမ် ၊ အမျှင်နဲ့ ပိုတက်ဆီယမ်တို့လည်း ပေါများပါတယ်။ ကင်ဆာ ၊ ဆီးချိုသွေးချိုနဲ့ နှလုံးရောဂါတွေ အဖြစ်နည်းအောင် လျှော့ချပေးနိုင်တဲ့ အကောင်းဆုံးဒြပ်ပေါင်းတွေ လည်း ပါရှိပါတယ်။

အခုပြောခဲ့တဲ့ အစားအသောက်တွေဟာ လူတိုင်း လက်လှမ်းမီနိုင်တဲ့ အစားအသောက်တွေ ဖြစ်လို့ ကိုယ့်ရဲ့ နေ့စဉ် စားသောက်မှုပုံစံမှာ ထည့်သွင်းစားသောက်ဖို့ အကြံပြုချင်ပါတယ်။