အသက်ကြီးလာလေလေ လူဆိုတာ မိတ်ဆွေနည်းလာလေလေပါပဲ။ ငယ်ငယ်တုန်းက ကိုယ်နဲ့ သိခဲ့ကျွမ်းခဲ့တဲ့လူတိုင်း ကိုယ့်ရဲ့ သူငယ်ချင်းဖြစ်လာတာတော့လည်း မဟုတ်ပါဘူး။ အသက်ကြီးလာပြီး အခက်အခဲတွေ အတူကြုံလာချိန်မှာဆိုရင် ကိုယ်နဲ့အတူ ပေါင်းခဲ့တဲ့ မိတ်ဆွေထဲက တချို့က ကိုယ့်ကို စွန့်ခွာသွားပြီး တချို့ကို ကိုယ်က စွန့်ခွာခဲ့ကြတာပါပဲ။

ဘာပဲဖြစ်ဖြစ် မိတ်ဆွေစစ် မိတ်ဆွေမှန်တွေနဲ့ တစ်သက်ပန်လုံး ခိုင်မြဲတဲ့ ဆက်ဆံရေးနဲ့ နေထိုင်သွားဖို့က အရေးအကြီးဆုံးဆိုတာ မမေ့ပါနဲ့။ မိတ်ဆွေရင်းတွေရဲ့ ခင်မင်မှုသံယောဇဉ် ခိုင်မာတာရှည်ဖို့အတွက်ဆိုရင် အခုပြောမယ့် အချက်လေးတွေ ပုံမှန်လုပ်ပေးဖို့ လိုပါတယ်။

(၁) မကြာခဏ ဆုံတွေ့ဖို့ အချိန်လေးတွေ သတ်မှတ်ထားပါ

Photo: Freepik

အလုပ်ကိုယ်စီ ဘဝကိုယ်စီနဲ့ ကွဲကွာနေတဲ့ သူငယ်ချင်းတွေဆိုတာ ဘယ်လောက်ပဲ ခင်ခင် အဆက်အသွယ်ပြတ်သွားရင် ခင်မင်မှုတွေ အေးစက်ပြတ်တောက်သွားနိုင်ပါတယ်။ သူငယ်ချင်းဟောင်းတွေဆိုတာ အမြဲတမ်း ပေါင်းသင်းနေရမယ့် လူတွေ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကျောင်းတုန်းက ကိုယ့်အချစ်ဆုံးနဲ့ အရင်းနှီးဆုံးမိတ်ဆွေတွေ တစ်နှစ်ကို နှစ်ကြိမ် တန်သည် သုံးကြိမ်တန်သည် တွေ့နိုင်ဖို့ အမှတ်တရနေ့တွေ ထားပြီး ချိန်းတွေ့သင့်ပါတယ်။

(၂) အရေးကြီးတဲ့ နေ့တွေမှာ အမှတ်တရရှိပါစေ

Photo: Freepik

ကိုယ့်အချစ်ဆုံး သူငယ်ချင်းတွေရဲ့ မွေးနေ့တို့ ၊ မင်္ဂလာနှစ်ပတ်လည်တို့ စတဲ့ အရေးကြီးတဲ့ နေ့ရက်တွေကို စာအုပ်တစ်အုပ်ထဲမှာ မှတ်ထားတာ ပိုကောင်းပါတယ်။ အဲဒီနေ့တွေ ရောက်တိုင်း သတိတရစကားပြောပေးတာ ၊ လက်ဆောင်ပစ္စည်းလေးတွေ ပို့တာမျိုး လုပ်ပါ။ ကြားထဲမှာလည်း အပြန်အလှန်ဆက်သွယ်မှုလေးတွေ မပြတ်ဖို့ လိုပါတယ်။ မိတ်ဆွေတွေအကြား အမှတ်တရကောင်းလေးတွေကို ပြန်ပြန်ပြီး ရှေးဟောင်းနှောင်းဖြစ် ပြောခြင်းအားဖြင့် ခင်မင်မှုသံယောဇဉ် ပိုခိုင်မာလာနိုင်ပါတယ်။

(၃) အမှတ်တရသစ်တွေ ဖန်တီးပါ

Photo: Freepik

အရင်တုန်းက ဘော်ဒါတွေနဲ့ ဘယ်လို ပျော်ခဲ့ရတာ ၊ ဘာတွေ ကြုံခဲ့ရတာ ဆိုပြီး ပြောဖို့ အမှတ်တရတွေအပြင် နောင်လည်း ပြောစရာအမှတ်တရတွေ ရှိလာအောင် ဖန်တီးပါ။ ဥပမာ- သူငယ်ချင်းတွေစုပြီး ခရီးထွက်တာ ၊ Activity တစ်ခုခု လုပ်တာမျိုး ဖြစ်ပါတယ်။ အမှတ်တရလေးတွေဆိုတာ သံယောဇဉ်ကို သေချာခိုင်မာအောင် ပြန်ပြီး လွန်းတင်ပေးတဲ့ ကြိုးလေးတွေပါပဲ။

(၄) ပွင့်လင်းဖို့ လိုအပ်ပါတယ်

Photo: Freepik

ကောင်းမွန်တဲ့ သူငယ်ချင်းဆက်ဆံရေးမှာ ကိုယ့်ရင်ထဲက သောကနဲ့ မြိုသိပ်ထားရတဲ့အရာတွေကို ရင်ဖွင့်တိုင်ပင်တာမျိုးလည်း ပါရှိပါတယ်။ လူတစ်ယောက်ကို ရင်ဖွင့်တယ်ဆိုတာ သူ့ကို ရင်းနှီးယုံကြည်လို့ လုပ်တဲ့ အပြုအမူတစ်မျိုးပဲ ဖြစ်ပါတယ်။ အလားတူပဲ ကိုယ့်ကို ရင်လာဖွင့်တဲ့ သူငယ်ချင်းတွေကိုလည်း ဖေးမကူညီတာ အကြံပေးဆွေးနွေးတာမျိုးကို လုပ်ပေးဖို့ လိုပါတယ်။