ယောင်္ကျားတွေမို့ အသောက်အစား မကင်းတာရှိမယ်ဆိုတာ ပြောစရာတောင် လိုမယ်မထင်ပါဘူး။ ဒါနဲ့ ဘာများ ထူးခြားလို့ပါလိမ့်လို့ ပြောကြပါလိမ့်မယ်။ အခုပြောမှာက ယမကာချစ်သူတွေရယ်လို့ မှတ်တမ်းတင်ခံခဲ့ရတဲ့သူတွေထဲက ကမ္ဘာကျော်ပုဂ္ဂိုလ်တချို့အကြောင်းပဲ ဖြစ်ပါတယ်။

ဒီပုဂ္ဂိုလ်တွေထဲမှာ အနုပညာသည်ကနေ နိုင်ငံရေးသမားတွေအထိ ပါဝင်ပါတယ်။ ဗဟုသုတအနေနဲ့ မျှဝေလိုက်တာ ဖြစ်ပြီး သူတို့နဲ့ ယမကာအကြောင်း ဆက်စပ်မှုလေးတွေကလည်း စိတ်ဝင်စားဖို့ ကောင်းတာကြောင့် တင်ပြလိုက်တာ ဖြစ်ပါတယ်။

(၁) ဖရန့်ခ်ဆင်နာထရာ

Photo: deviantart

၂၀ ရာစုရဲ့ အကျော်ကြားဆုံးနဲ့ ဩဇာအကြီးဆုံး အဆိုတော်တစ်ဦးဖြစ်တဲ့ ဖရန့်ခ် ဆင်နာထရာက မာတီနီနဲ့ Jack Daniel’s အကြိုက်တွေ့သူလို့ ဆိုပါတယ်။ တကယ်တော့ သူကြိုက်တဲ့ ယမကာတွေက ဒီထက်မက ရှိနိုင်ပါတယ်။ သူ့သီချင်းတွေထဲမှာလည်း အရက်သောက်တဲ့အကြောင်း ထည့်ဆိုလေ့ရှိပါတယ်။ သူ့သီချင်းတစ်ပုဒ်ဖြစ်တဲ့ Drinking Again ကလည်း နာမည်ကြီးပါတယ်။
သူသောက်တဲ့ ယမကာတွေထက် သူပြောခဲ့တဲ့ စကားလေးကလည်း သမိုင်းတွင်လို့ ဖော်ပြလိုက်ပါတယ်။
“အရက်က လူ့အတွက် အဆိုးဆုံးရန်သူဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သမ္မာကျမ်းစာမှာ သင့်ရန်သူကို ချစ်ပါလို့ ပြောထားတယ်လေ။”တဲ့

(၂) ဝင်စတန်ချာချီ

Photo: Mental Floss

ကမ္ဘာကျော် ဗြိတိန်ဝန်ကြီးချုပ် ဆာဝင်စတန်ချာချီကလည်း ယမကာချစ်သူတစ်ဦးပါ။ မနက်စာမစားခင်မှာ ဝိုင်တစ်ခွက် ၊ နေ့လည်မှာ စကော့ဝီစကီနဲ့ ဆိုဒါ ၊ ညဘက် အိပ်ရာဝင်ခါနီးမှာ ရှန်ပိန်နဲ့ နှစ် ၉၀ သက်တမ်းရှိတဲ့ ဘရန်ဒီတွေ စီမံပေးဖို့ သူ့ဘတ္တလာကို မှာထားတတ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း အရေးကြီးတဲ့ နိုင်ငံ့တာဝန်တွေ ထမ်းဆောင်နေချိန်မှာ ချာချီဟာ ဆေးပြင်းလိပ်ခဲရင်း ဝီစကီတစ်ခွက်လက်မှာ ကိုင်ပြီး အလုပ်များနေတတ်ပါတယ်။ ဒါကြောင့် သူ့ကို ကမ္ဘာ့အလုပ်လုပ်နိုင်ဆုံး အရက်သမားကြီးလို့တောင် ဟာသစွက်ပြီး တင်စားခဲ့ကြပါတယ်။

(၃) အားနက်စ်ဟဲမင်းဝေး

Photo: Salon

ကမ္ဘာကျော်စာရေးဆရာကြီး အားနက်စ်ဟဲမင်းဝေးဟာ စာအရေးသားပြောင်သလောက် ယမကာကြိုက်တဲ့နေရာလည်း ချွန်ပါတယ်။ စာပေအကျော်အမော်ကြီးဟာ အရက်သောက်ခြင်းကို လျှောက်လှဲချက်လည်း ခဏခဏပေးတတ်သူပါ။ “အရက်မမူးမချင်း ယောင်္ကျားတစ်ယောက်ဖြစ်မလာဘူး” ဆိုတာ သူပြောနေကျစကားတွေထဲက တစ်ခွန်းပါတဲ့။ တစ်ခုရှိတာက သူဘာသာ ဘယ်လောက်ပဲ အရက်ကြိုက်ကြိုက် စာရေးနေတုန်းအရက်မသောက်တတ်ဘူးလို့ ဆိုပါတယ်။ သူ့အကြိုက်ကတော့ Dry Martini ဖြစ်တယ္လို့လည်း ဆိုပါတယ်။

(၄) လူသန်ကြီး အန်ဒရေ

Photo: CBS Sports

အရက် ၇ ပေ ၅ လက်မ ၊ ပေါင် ၅၀၀ ကျော်တဲ့ လူသန်ကြီး အန်ဒရေဟာ ပရော်ဖက်ရှင်နယ်နပန်းသမားတစ်ဦးလည်း ဖြစ်ပါတယ်။ သူအရက်သောက်တဲ့ပုံစံက လန့်လောက်ပါတယ်။ အန်ဒရေဟာ တစ်ရက်ကို ပျမ်းမျှအားဖြင့် အယ်လ်ကိုဟော ကယ်လိုရီ ၇၀၀၀ သောက်သုံးမှုရှိတယ်လို့ ဆိုပါတယ်။ နပန်းပွဲမစခင်မှာ ဘီယာ ၁၂ ဗူးဖြစ်ဖြစ် ဝိုင် ၆ ပုလင်းဖြစ်ဖြစ် ပုံမှန် သောက်လေ့ရှိတယ်လို့ ဆိုပါတယ်။ နပန်းပွဲရှိတဲ့ မြို့တွေ သွားချိန်မှာလည်း ဘီယာဗူးတွေ ဆောင်သွားလေ့ရှိပြီး တစ်လမ်းလုံး ကစ်သွားတတ်ပါတယ်တဲ့။

တစ်ခါကဆို သူဟာ သုံးမိနစ် ဘီယာ ၁ လုံးနှုန်းနဲ့ ၆ နာရီ ဆက်တိုက်သောက်ခဲ့တယ်လို့ ဆိုပါတယ်။ စုစုပေါင်းဆို ၁၂ အောင်စရှီတဲ့ ဘီယာ ၁၁၉ လုံး သောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်ပါဘူး။ သူဟာ အချမ်းပြေချင်ရင် ဗော့ကာ ၂ လီတာလောက်လည်း ပုံမှန်သောက်တတ်တယ်လို့ ပြောပါတယ်။ ဂျပန်ကို သွားတုန်းက လေယာဉ်ပေါ်မှာ ပါခဲ့တဲ့ ဗော့ဒ်ကာပုလင်းအားလုံးကို တစ်ယောက်တည်း ဖြိုခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို သောက်လို့ပဲလားမသိပါဘူး။ အန်ဒရေဟာ အသက် ၄၆ နှစ်နဲ့ စောစောစီးစီး အနိစ္စရောက်သွားခဲ့ပါတယ်။